-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၃၂


ရုဗင်နှင့် ဂဒ်အမျိုးသားတို့ ယောဒန်မြစ် အရှေ့ဘက်၌ နေဖို့တောင်း

ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာဖို့ ကောင်းသည်ကို မြင်ကြလျှင်၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာအစရှိသော ပရိသတ် တို့တွင် မင်းများတို့ထံသို့ လာ၍၊ အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောနတည်းဟူသော၊ ဣသရေလ ပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန်များပြားပါ၏။ သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို​ ကျွန်တော်​ ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ​ကျွန်တော်တို့ကို ယော်ဒန်မြစ် တဘက်သို့ ပို့ဆောင်တော် မမူပါနှင့်၊ ဟုလျှောက်ကြ၏။


မောရှေကရုဗင်နှင့် ဂဒ်အမျိုးတို့ တောင်းဆိုခြင်းကို အပြစ်တင်

မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။ ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလ အမျိုးသားတို့သည် မကူးမသွားမည်အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြသနည်း။ ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာ အရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။ ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရား ပေးတော်မူသောပြည်သို့ ဣသရေလ အမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။ ၁၀ ­ထိုအခါ ထာဝရဘုရားသည်၊ အမျက်တော် ထွက်လျက်၊ ၁၁ အကယ်စင်စစ် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှု မှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက်နှစ်ဆယ် လွန်သူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ၁၂ ထိုသူနှစ်ယောက်သာ ထာဝရဘုရား နောက်သို့ လုံးလုံးလိုက်ကြပြီ၊ ဟုကျိန်ဆိုတော်မူ၏။ ၁၃ ထိုသို့ ထာဝရဘုရား ရှေ့တော်၌ ဆိုးသောအမှုကို ပြုသော လူအပေါင်းတို့သည် မပျက်စီးမှီ တိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို အမျက်ထွက်၍၊ အနှစ်လေးဆယ် ပတ်လုံး တော၌ လှည့်လည် စေတော်မူ၏။ ၁၄ ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုသာ ပြင်းစွာ အမျက်တော်ထွက် စေမည်အကြောင်း၊ သာ၍ ဆိုးသောသူ တည်းဟူသော သင်တို့သည်၊ သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။ ၁၅ သင်တို့သည် နောက်တော်သို့ မလိုက်ဘဲ လွှဲသွားကြလျှင်၊ တဖန် ဣသရေလ အမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်၊ ဟုဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့အား ပြန်ပြော၏။


ရုဗင်နှင့်ဂဒ်အမျိုးသားများက စစ်တိုက်ကူမည်ပြော

၁၆ ထိုသူတို့သည်၊ အနီးအပါးသို့ ချဉ်းကပ်၍၊ ​ကျွန်တော်တို့သည်​ ကျွန်တော်တို့ တိရစ္ဆာန်များ အဖို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ​ကျွန်တော်တို့ သူငယ်များအဖို့ မြို့တို့ကို၎င်း၊ တည်ပါမည်။ ၁၇ သို့ရာတွင် ဣသရေလ အမျိုးသားတို့ကို သူတို့နေရာ အရပ်သို့ မပို့မဆောင်မှီ တိုင်အောင်၊ ​ကျွန်တော်တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော်တို့ သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။ ၁၈ ဣသရေလ အမျိုးသား အပေါင်းတို့သည် အမွေခံရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။ ၁၉ ​ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့နှင့်အတူ အမွေကို မတောင်းမခံပါ။ ​ကျွန်တော်တို့ အမွေခံရာမြေသည် ယော်ဒန်မြစ် အရှေ့ဘက်၌ ကျပါသည်၊ ဟုလျှောက်ပြန်ကြ၏။


ရုဗင်နှင့်ဂဒ်အမျိုးတောင်းသည်ကို မောရှေခွင့်ပြု

၂၀ မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွားလျှင် သော်၎င်း၊ ၂၁ ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော် မမူမှီတိုင်အောင်၊ ၂၂ သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရား ရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင်၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလ အမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက် ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရား အခွင့်နှင့် အမွေခံရကြမည်။ ၂၃ ထိုသို့မပြုလျှင် မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်း ရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။ ၂၄ သူငယ်များအဖို့ မြို့တို့ကို၎င်း၊ သိုးများအဖို့ သိုးခြံတို့ကို၎င်း တည်လုပ်ကြလော့။ ယခု ပြောသမျှအတိုင်း ပြုကြလော့၊ ဟုဆိုလျှင်၊ ၂၅ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့က၊ ​ကျွန်တော်တို့သည် သခင် မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ၂၆ကျွန်တော်တို့ မယား သားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။ ၂၇ ကိုယ်တော်ကျွန် အပေါင်းတို့မူကား သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရား ရှေ့တော်၌ စစ်တိုက်ခြင်းငှာ ကူးသွားပါမည်၊ ဟုလျှောက်ထားကြ၏။


ရုဗင်နှင့်ဂဒ်အမျိုးသားတို့ တောင်းသောမြေကိုပေး

၂၈ ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏ သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊ ၂၉ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှာ အသီးအသီး လက်နက်ကိုင်လျက်၊ ထာဝရဘုရား ရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ် တဘက်သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။ ၃၀ သို့မဟုတ် သူတို့သည် လက်နက်ကိုင်လျက်၊ သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်၊ ဟုမှာထားလေ၏။ ၃၁ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသား တို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်​ကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ ​ကျွန်တော်တို့သည် ပြုကြပါမည်။ ၃၂ ယော်ဒန်မြစ် အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ​ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရား ရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်၊ ဟုပြန်လျှောက်ကြ၏။ ၃၃ ထိုအခါ မောရှေသည် အာမောရိ ရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက်၌ အပ်ပေးလေ၏။


ဂဒ်ရုဗင်နှင့် မနာရှေ အမျိုးတဝက်တို့ မြို့ရွာတည်ကြ

၃၄ ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊ ၃၅ အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊ ၃၆ ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများကို၎င်း တည်လုပ်ကြ၏။ ၃၇ ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊ ၃၈ နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သော အမည်ဖြင့် သမုတ်၍ တည်ကြ၏။ ၃၉ မနာရှေမှ ဆင်းသက်သော မာခိရ အမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍ သိမ်းယူပြီးလျှင်၊ အရင်မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။ ၄၀ မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရ အမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။ ၄၁ မနာရှေအမျိုး သားယာဣရသည် လည်းသွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ် ယာဣရအမည်ဖြင့် သမုတ်လေ၏။ ၄၂ နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့၊ ဟုသမုတ်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.