-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၈


အာရုန်နှင့်အမျိုးကိုသာ ယဇ်ပုရောဟိတ်လုပ်ရမည်

တဖန် ထာဝရဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ သင်နှင့်သင်၏ သားမြေး အဆွေအမျိုး တို့သည်၊ သန့်ရှင်းရာ ဌာနတော်နှင့် ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော အပြစ်ကို ခံရကြမည်။ သင်၏ ဘိုးဘ အဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။ လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော် ရှိသမျှတို့ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့သည် သေဘေးလွတ်မည် အကြောင်း၊ သူတို့သည် တဲတော်တန်ဆာ၊ ယဇ်ပလ္လင် တန်ဆာများကို မချဉ်းကပ်ရကြ။ သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက်၊ တဲတော်အမှုရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။ နောက်တဖန် အမျက်တော်ထွက်၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည် သန့်ရှင်းရာ ဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။ ထိုသို့ သင်တို့၏ ညီအစ်ကို လေဝိသားတို့ကို၊ ဣသရေလ အမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာထဲသို့ သင်တို့အား ငါပေး၏။ ထိုကြောင့် သင်နှင့်သင်၏ သားတို့သည်၊ ယဇ်ပလ္လင်နှင့် ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာ အမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်၊ ဟုမိန့်တော်မူ၏။


ဣသရေလ အမျိုးသားတို့ ပူဇော်သောအရာ ယဇ်ပုရောဟိတ်အတွက်

တဖန် ထာဝရဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့သည် သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏ သားတို့အဖို့ ဖြစ်စေခြင်းငှာ၊ ထာဝရ ပညတ်တရားအား ဖြင့်ငါပေး၏။ မီးသို့မရောက်၊ သန့်ရှင်းသော အရာထဲက သင်တို့ဆိုင်သော အရာဟူမူကား၊ ဣသရေလ အမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်​ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။ ၁၀ သန့်ရှင်းရာဌာန၌ စားရမည်။ ယောက်ျား အပေါင်းတို့သည် စားရသော အခွင့်ရှိ၏။ သင်တို့အဖို့ သန့်ရှင်းပေ၏။ ၁၁ ထိုမှတပါး ဣသရေလ အမျိုးသားတို့ ပူဇော်သော ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ချီလွှဲရာပူဇော် သက္ကာတို့ကို၊ သင်နှင့်သင်၏ သားသမီးတို့အား ထာဝရ ပညတ်တရားအားဖြင့် ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ ၁၂ ဣသရေလ အမျိုးသားရွေး၍ ထာဝရဘုရားအား ပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံးသော စပျစ်ရည်၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့အား ငါပေးပြီ။ ၁၃ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့သမျှ၊ အဦးမှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူ အပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ ၁၄ ဣသရေလ အမျိုး၌ ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သင်ဆိုင်ရမည်။


သားဦးများရွေးရမည်

၁၅ အဦးဖွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ထာဝရ ဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် စင်ကြယ်သော တိရစ္ဆာန်၏ သားဦးကို အမှန်ရွေးရမည်။ ၁၆ ရွေးရသော သားတို့ကို အသက်တလလွန်မှ၊ သင်အဘိုး ဖြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။ ၁၇ နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းရမည်။ ဆီဥကိုလည်း ထာဝရ ဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေ၍ မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။ ၁၈ အသားမူကား ချီလွှဲရာ ပူဇော်သက္ကာ၏ ရင်ပတ်နှင့် လက်ျာပခုံးကဲ့သို့ သင့်အဖို့ဖြစ်ရမည်။ ၁၉ ဣသရေလ အမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာ ရှိသမျှတို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရ ပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏ အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရ ပိဋိညာဉ်ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


လေဝိသားတို့ ဆယ်ဖို့တစ်ဖို့ အမွေခံရမည်

၂၀ တဖန် ထာဝရဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဖို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သော အဖို့ သင့်အမွေဥစ္စာဖြစ်၏။ ၂၁ လေဝိသားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့ အမွေခံစရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။ ၂၂ ယခုမှစ၍ ဣသရေလ အမျိုးသားတို့သည် ကိုယ်အပြစ်ကိုခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ် စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ်ရ။ ၂၃ လေဝိသားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် ရော၍ အမွေမခံရကြ၊ ဟုသင်တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။ ၂၄ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သက္ကာပြုသော ကိုယ်ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို၊ လေဝိသား အမွေခံစရာအဖို့ ငါပေးပြီ။ ထိုကြောင့် သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် ရော၍ အမွေမခံရ၊ ဟုငါ့အမိန့်တော်ရှိ၏။


လေဝိသားတို့လည်း ဆယ်ဖို့တစ်ဖို့ ပေးရမည်

၂၅ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊ ၂၆ သင်တို့ အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့၏ ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို သင်တို့သည် ခံယူသောအခါ၊ ထိုအဖို့ကို ဆယ်ဖို့ ဖို့ပြန်၍ တစ်ဖို့ကို ထာဝရဘုရားအား ပူဇော်သက္ကာ ပြုရကြမည်။ ၂၇ ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသော စပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဖို့ မှတ်ရလိမ့်မည်။ ၂၈ ထိုသို့သင်တို့သည် ဣသရေလ အမျိုးသားတို့မှ ခံယူသော ဆယ်ဖို့တစ်ဖို့ ထဲက၊ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန်အား လှူရကြမည်။ ၂၉ သင်တို့ခံရသမျှသော အလှူတို့ အထဲက အကောင်းဆုံးသော အဖို့၊ သန့်ရှင်းသောအဖို့ ကို နှုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုရကြမည်။ ၃၀ သို့ဖြစ်၍ သူတို့အား ဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသော အဖို့ကို နှုတ်ယူ ပူဇော်ပြီးမှ၊ ကြွင်းသောအဖို့ကို ကောက်နယ်တလင်း၏ ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ ကျေးဇူးကဲ့သို့ မိမိတို့အဖို့ မှတ်ရလိမ့်မည်။ ၃၁ ထိုကြွင်းသောအဖို့ ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သော အရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ် စည်းဝေးရာ တဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆု ဖြစ်၏။ ၃၂ အကောင်းဆုံးသော အဖို့ကို နှုတ်ယူပူဇော်ပြီးမှ ကြွင်းသော အဖို့အားဖြင့် အပြစ်ရောက်စရာ အကြောင်းမရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေရ၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.