-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၈


အာဣမြို့ကို ပေးမည့်အကြောင်း ယောရှုအားပြော

တဖန် ထာဝရဘုရား ကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ ပါသော စစ်သူရဲအပေါင်းတို့ကို ခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ ငါအပ်မည်။ ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဖို့ သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်၊ ဟုယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှာ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲ သုံးသောင်းတို့ကို ရွေးချယ်၍ ညအခါ စေလွှတ်လျက်၊ သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက် နေကြလော့။ မြို့နှင့် ဝေးဝေးခွာ၍ မသွားကြနှင့်၊ တညီတညွတ်တည်း အသင့်နေကြလော့။ ငါနှင့်တကွငါ၌ ပါသောသူ အပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက်ခြင်းငှာ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။ သူတို့လည်း လိုက်ခြင်းငှာ မြို့ထဲကထွက်၍၊ မြို့နှင့်ကွာမှန်းကို မသိဘဲခွာ၍ လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ပြေးကြပြီ၊ ဟုသူတို့ဆိုကြလိမ့်မည်။ ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှ ထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။ တိုက်၍ အောင်သောအခါ မြို့ကို မီးရှို့ရကြမည်။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်၊ ဟုထိုသူတို့အား မှာထားလေ၏။


အာဣမြို့တိုက်နည်းဗျူဟာ

ယောရှု စေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှာ သွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညတွင် လူများထဲမှာ နေသေး၏။ ၁၀ နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလ အမျိုး အသက်ကြီးသူ တို့နှင့်အတူ အာဣမြို့သို့ အဦး ချီသွားလေ၏။ ၁၁ ယောရှု၌ ပါသော စစ်သူရဲ အပေါင်းတို့သည် လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။၁၂ တဖန် အာဣမြို့နောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှာ လူငါးထောင်ခန့် မျှထား၏။ ၁၃ ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်​ခြေ အပေါင်းခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညတွင် ချိုင့်အလယ်သို့ သွားလေ၏။ ၁၄ ထိုအခြင်းအရာကို အာဣမင်းကြီးသည် မြင်လျှင်၊ မြို့သား ယောက်ျားတို့သည် စောစောထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့် တကွ၊ ဣသရေလ အမျိုးသားတို့ကို တိုက်ခြင်းငှာ၊ ချိန်းချက်သောအချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက်မှာ ကင်းတပ်ရှိမှန်းကို မသိ။ ၁၅ ယောရှုနှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။ ၁၆ သူတို့ကို လိုက်ခြင်းငှာ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့် ကွာမှန်းမသိ ခွာသွားကြ၏။ ၁၇ ဣသရေလ အမျိုးသားတို့ကို မလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျား တစ်ယောက်မျှ မနေ၊ မြို့ကိုလှပ်ထားလျက် ဣသရေလ အမျိုးသားတို့ကို လိုက်ကြ၏။


အာဣမြို့ကိုသိမ်း

၁၈ ထာဝရဘုရားကလည်း၊ သင်ကိုင်ဆောင်သော လှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်၊ ဟုယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သော လှံကို ထိုမြို့သို့ ရွယ်လေ၏။ ၁၉ ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက်ခြင်းထ၍ အလျင်အမြန် ပြေးလျက် မြို့ထဲသို့ ဝင်မိလျှင်၊ ကြိုးစား၍ သိမ်းယူပြီးမှ မီးရှို့ကြ၏။ ၂၀ အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုးကောင်းကင်သို့ တက်လျက်ရှိသည်ကို မြင်သောခါ၊ [A] အဘယ်အရပ်ကိုမျှ ပြေးခြင်းငှာ မတတ်စွမ်းနိုင်ကြ။ တောသို့ ပြေးသော သူတို့သည်လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။ ၂၁ ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုးတက်လျက်ရှိသည်ကို ယောရှုနှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ တဖန်ပြန်လှည့်၍ အာဣမြို့သားတို့ကို တိုက်သတ်ကြ၏။ ၂၂ အခြားသော သူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလ အမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍ တိုက်သဖြင့်၊ တစ်ယောက်ကိုမျှ မလွတ်မကျန် ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ ၂၃ အာဣမင်းကြီးကို အရှင်ဖမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။ ၂၄ ဣသရေလ အမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာတော၌၎င်း၊ အာဣမြို့ သားအပေါင်းတို့ကို လုပ်ကြံ၍ ဓားဖြင့် အကုန်အစင် သုတ်သင်ပြီးမှာ၊ တဖန်မြို့သို့ ပြန်လာ၍ ဓားဖြင့် လုပ်ကြံကြ၏။ ၂၅ ထိုနေ့၌ တစ်သောင်း နှစ်ထောင် ခန့်မျှရှိသော အာဣမြို့သား ယောက်ျား မိန်းမအပေါင်းတို့သည် သေကြ၏။ ၂၆ အာဣမြို့သူ၊ မြို့သား အပေါင်းတို့ကို အကုန်အစင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ်။ ၂၇ သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလ အမျိုးသားတို့သည် ကိုယ့်အဖို့ သိမ်းယူကြ၏။ ၂၈ ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရ ဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။ ၂၉ အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင်တွင် ဆွဲထား၍၊ မိုးချုပ်သောအခါ၊ ယောရှုစီရင်သည်အတိုင်း၊ အသေကောင်ကို သစ်ပင်က ချပြီးလျှင် မြို့တံခါးဝ၌ ပစ်ထား၍၊ အသေကောင် အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။


ဂေရဇိမ်နှင့်ဧဗလတောင်ပေါ်မှာ

၃၀ ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့၊ ယဇ်ပလ္လင်ကို တည်လေ၏။ ၃၁ ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေလ အမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက် ရှိသည်အတိုင်း၊ သံတန်ဆာ မပါ၊ မသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။ ၃၂ ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ၏ ပညတ်တရားကို ဣသရေလ အမျိုးသားတို့ ရှေ့မှာ ရေးကူးလေ၏။ ၃၃ ဣသရေလ အမျိုးသားတို့ကို ကောင်းကြီး ပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ ကျွန်မောရှေမှာ ထားခဲ့သည်အတိုင်း၊ ဣသရေလ အမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသား ထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ နှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်​ကျွန်း တနိုင်ငံသား ပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလတောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊ ၃၄ ပညတ္တိကျမ်း၌ ရေးထား သမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်း အမင်္ဂလာစကား တည်းဟူသော၊ တရားစကား အလုံးစုံကို ဖတ်ရွတ်လေ၏။ ၃၅ ယောရှုသည် မောရှေမှာ ထားသော စကားတစ်ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တစ်​ကျွန်း တနိုင်ငံသားပါသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ရှေ့မှာ အကုန်အစင် ဖတ်ရွတ်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.