-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၀

အာမောရိမင်းကြီးငါးပါး

ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်း ဖျက်ဆီးကြောင်းကို၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက်သည် ကြားသောအခါ၊ ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သား ယောကျ်ား အပေါင်းတို့သည် ခွန်အားနှင့် ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ကြ၏။ ထိုအခါ ယေရုရှလင် မင်းကြီး အဒေါတိဇေဒက်သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီး ပိရံ၊ လာခိရှမင်းကြီး ယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊ ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှာ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါ၊ ဟုနှိုးဆော်သည်အတိုင်း၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီး တည်းဟူသော အာမောရိ မင်းကြီးငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါ စစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။ ဂိဗောင် မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလစခန်းသို့ စေလွှတ်၍၊ ကိုယ်တော်၏ ​ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင်တော်မူပါ။ တောင်ပေါ်မှာ နေသော အာမောရိ မင်းကြီးအပေါင်းတို့သည်​ ကျွန်တော်တို့ကို တိုက်ခြင်းငှာ စည်းဝေးကြပါပြီ၊ ဟုလျှောက်ကြ၏။ ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသောသူ ရဲအပေါင်းတို့ နှင့်တကွမှ တက်သွားလေ၏။


မိုးသီးကြောင့် သာ၍သေကြ

ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏ လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစ်စုံတစ်ယောက်မျှ မခံမရပ်နိုင်ရာ၊ ဟုယောရှုအား မိန့်တော်မူ၏။ ယောရှုသည် ဂိလဂါလမြို့မှ တစ်ညလုံးချီသွား၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက်လာသဖြင့်၊ ၁၀ ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုးသားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့ တိုင်အောင် လုပ်ကြံတော်မူ၏။ ၁၁ ထိုသူသည် ဣသရေလ လူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုးကောင်းကင်မှ ကြီးစွာသော မိုးသီးကို အဇေကာမြို့ တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ဓားကြောင့် သေသည်ထက် မိုးသီးကြောင့် သာ၍သေကြ၏။


နေရပ်စေ

၁၂ ထိုသို့ အာမောရိလူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အိုနေ၊ သင်သည် ဂိဗောင်မြို့၌၎င်း၊ အိုလ၊ သင်သည် အာယလုန်ချိုင့်၌၎င်း၊ ငြိမ်ဝပ်စွာနေလော့၊ ဟုဣသရေလ အမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊ ၁၃ ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ် မပေးမှီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုးကောင်းကင် အလယ်၌ နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှာ တစ်နေ့လုံး အလျှင်းမပြု၊ ဟုပါသည် မဟုတ်လော။ ၁၄ ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သော နေ့တစ်နေ့မျှ မဖြစ်စဖူး။ နောက်တဖန်လည်း မဖြစ်၊ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက်တော်မူ၏။


မင်းကြီးငါးပါး

၁၅ ထို့နောက် ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့် တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။ ၁၆ မင်းကြီး ငါးပါးတို့သည် ပြေး၍ မက္ကဒါလှိုင်ခေါင်း၌၊ ပုန်းလျက်နေကြ၏။ ၁၇ မက္ကဒါလှိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီးငါးပါးကို တွေ့ပါပြီ၊ ဟုယောရှုအား ကြားလျှောက်လျှင်၊ ၁၈ ယောရှုက၊ လှိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။ ၁၉ သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကိုလိုက်၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေကြနှင့်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီ၊ ဟုမှာထားလေ၏။ ၂၀ ယောရှုနှင့် ဣသရေလ လူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူ အချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍နေကြ၏။ ၂၁ လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလ လူတစ်စုံတစ်ယောက်ကို အဘယ်သူမျှ အပြစ်မတင်ရ။ ၂၂ ယောရှုကလည်း၊ လှိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထိုမင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ၊ ဟုမှာလိုက်သည်အတိုင်း၊ ၂၃ သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီး ငါးပါးတို့ကို လှိုင်ခေါင်းထဲက ဆောင်ခဲ့၍၊ ၂၄ ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလ လူအပေါင်းတို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြ၊ ဟုဗိုလ်မင်းတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏လည် ကုပ်အပေါ် ၌ ​ခြေကိုတင်ကြ၏။ ၂၅ ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည် ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့၊ ဟုဆိုပြီးမှ၊ ၂၆ ထိုမင်းကြီးတို့ကို ဓားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊ ၂၇ နေဝင်ချိန်ရောက်သောအခါ၊ ယောရှု စီရင်သည်အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လှိုင်ခေါင်း၌ ပစ်ထား၍၊ လှိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။


မက္ကဒါမြို့

၂၈ ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ဓားနှင့် လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။ ၂၉ ထိုနောက် ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့်တကွ မက္ကဒါမြို့မှ လိဗနမြို့သို့ ချီသွား၍ တိုက်သဖြင့်၊ ၃၀ ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသရေလ လူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့်မြို့သား အပေါင်းတို့ကို တစ်ယောက်မျှ မကျန် ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြရ၏။


လာခိရှမြို့

၃၁ ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ချီသွား၍ တပ်ချလျက် တိုက်ကြ၏။ ၃၂ ထာဝရဘုရားသည်၊ ထိုမြို့ကို ဣသရေလ လူတို့လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သား အပေါင်းတို့ကို ဓားနှင့် လုပ်ကြံကြ၏။


ဂဇောမင်းကြီး

၃၃ ထိုအခါ ဂဇောမင်းကြီး ဟောရံသည်၊ လာခိရှမြို့ကို ကူညီမည်၊ ဟုလာသောကြောင့်၊ ယောရှုသည် ထိုမင်းကြီးနှင့် သူ၏ လူအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်း လုပ်ကြံလေ၏။


ဧဂလုန်မြို့

၃၄ တဖန်ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့် တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။ ၃၅ ထိုနေ့ခြင်းတွင် ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့သူ မြို့သား အပေါင်းတို့ကို ဓားနှင့်လုပ်ကြံ၍ တစ်နေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။


ဟေဗြုန်မြို့

၃၆ တဖန်ယောရှုသည် ဣသရေလ လူအပေါင်း တို့နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ၏။ ၃၇ ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့် ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သား အပေါင်းတို့ကို၎င်း၊ တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သား အပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးကြ၏။


ဒေဗိရမြို့

၃၈ တဖန်ယောရှုသည် ဣသရေလ လူအပေါင်းတို့နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။ ၃၉ ထိုမြို့နှင့်မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ဓားနှင့်လုပ်ကြံသဖြင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။


ထာ၀ရဘုရားက စစ်တိုက်ပေး

၄၀ ထိုသို့ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေတွင်းအရပ် ရှိသမျှ တို့နှင့်တကွ၊ မင်းကြီး အပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သော သူတစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ၄၁ ကာဒေရှဗာနာမြို့ မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည် တလျှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့ တိုင်အောင်၎င်း လုပ်ကြံ၍၊ ၄၂ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့်၊ ထိုပြည်များနှင့်တကွ မင်းကြီးအပေါင်းတို့ကို တစ်ခါတည်း အောင်လေ၏။ ၄၃ ထိုနောက် ယောရှုသည်၊ ဣသရေလ လူအပေါင်းတို့ နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.