ယောရှုမှတ်စာ
အခန်းကြီး ၁၆
ယောသပ် အမျိုးသားများခံရသော အမွေမြေ
၁ ယောသပ် အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေအပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ အရှေ့၊ ယေရိခေါအိုင်မှ ထွက်၍ တောလမ်းသို့ လိုက်လျက်၊ ဗေသလ တောင်တလျှောက်လုံး သွားသဖြင့်၊ ၂ ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ်မြို့သို့၎င်း၊ ၃ အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂဇောမြို့သို့၎င်း ရောက်၍ ပင်လယ်၌ ဆုံးလေ၏။ ၄ ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။ ၅ ဧဖရိမ် အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက် ဗက်ဟောရုန်မြို့သို့ လိုက်၍၊ ၆ မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန်အရှေ့သို့ မျက်နှာပြု၍ တာနက်ရှိ လောအရှေ့မှာ လျှောက်လျက်၊ ၇ ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ၈ တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။ ၉ ဤရွေ့ကား၊ မနာရှေ အမျိုးသားတို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဖို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများ ဖြစ်သတည်း။ ၁၀ ဂေဇာမြို့၌ နေသောခါ နနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသား တို့နှင့်အတူ နေ၍ အခွန်ပေးရကြ၏။