-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၂၄


ယောရှုကသမိုင်းကို ပြန်ပြောပြ

တဖန်ယောရှုသည် ဣသရေလ အမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေး၍၊ ဣသရေလ အမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင် ရှေ့တော်သို့ ချဉ်းကပ်ကြ၏။ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘ တေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီး တဘက်မှာနေ၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုကြ၏။ သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည် အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကို ပေး၏။ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရ တောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။ မောရှေနှင့် အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။ ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သဖြင့်၊ သူတို့သည် ပင်လယ်နီသို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့ စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။ နောက်တဖန် ယော်ဒန်မြစ် အရှေ့ဘက်၌၊ နေသော အာမောရိ လူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ၊ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင် ပယ်ရှင်းလေ၏။ မောဘ ရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလ အမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သောအခါ၊ ၁၀ ဗာလမ်၏ စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ် ကောင်းကြီးပေး၍၊ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။ ၁၁ တဖန်သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။ ၁၂ သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ [A] အာမောရိမင်းကြီး နှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။ ၁၃ သင်တို့ မလုပ်သောမြေ၊ မတည်သော မြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင် မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ တို့ကို စားရကြသည်၊ ဟုထာဝရဘုရား အမိန့်တော်ရှိ၏။


ယောရှုက သူနှင့် အိမ်သားဘုရားကိုသာ ဝတ်ပြုမည်
CROSS REFERENCES






၁၄ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ [L] ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်း နှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ ဝတ်ပြုသော ဘုရားများကို ပယ်၍၊ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ ၁၅ သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း၊ ဟုသင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိ ပြည်သားတို့၏ဘု ရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်၊ ဟုဆိုလေသော်၊


လူများတို့ကဘုရားကိုသာ ဝတ်ပြုမည်ပြော

၁၆ လူများတို့က အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အ​ကျွန်ုပ်တို့နှင့် ဝေးပါစေသော်။ ၁၇ ငါတို့ ဘုရားသခင် ထာဝရဘုရားသည်၊ ​ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာ အရပ်၊ လျှောက်လေရာရာ လူမျိုးတို့တွင် စောင့်တော်မူပြီ။ ၁၈ ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူ အပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထာဝရဘုရားသည် ငါတို့ ဘုရားသခင် ဖြစ်တော်မူသည်၊ ဟုပြန်ပြောကြ၏။


ယောရှုသည် လူများတို့နှင့် ပဋိညာဉ်ပြု
CROSS REFERENCES





CROSS REFERENCES






၁၉ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုသောဘုရား (a) ဖြစ်တော်မူ၏။ [B] သင်တို့ လွန်ကျူးပြစ်မှားသော အပြစ်တို့ကိုသည်းခံတော်မမူ။ ၂၀ သင်တို့သည် ထာဝရဘုရားကို စွန့်၍ တစ်​ကျွန်းတနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တဖန်လှည့်၍၊ ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်၊ ဟုဆိုလျှင်၊ ၂၁ လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်၊ ဟုပြန်လျှောက်ကြ၏။ ၂၂ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှာ၊ ထိုဘုရားကို ရွေးကြပြီ၊ ဟုကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်၊ ဟုဆိုလျှင် သူတို့က၊ သက်သေခံကြပါ၏၊ ဟုလျှောက်ကြသော်၊ ၂၃ ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင် ရှိသော တ​စ်ကျွန်း တနိုင်ငံ ဘုရားတို့ကို ပယ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ဘက်သို့ စိတ်နှလုံးကို ညွှတ်ကြလော့၊ ဟုဆိုလေ၏။ ၂၄ လူများတို့ကလည်း၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည် [C] ၊ ဟုဝန်ခံပြီးမှ၊ ၂၅ ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။ ၂၆ ထိုစကားကိုလည်း ဘုရားသခင်၏ ပညတ်တော်စာအုပ်(b) ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာ ဌာနတော်နားမှာရှိသော၊ သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊ ၂၇ ဤကျောက်သည် ငါတို့အား သက်သေ ဖြစ်ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင် ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့အား သက်သေ ဖြစ်ရလိမ့်မည်၊ ဟုလူအပေါင်းတို့အား ပြောဆိုပြီးမှ၊ ၂၈ အသီးအသီး မိမိတို့အမွေခံရာ အရပ်သို့ ပြန်သွားရသော အခွင့်ကို ပေးလေ၏။


ယောရှုအနိစ္စရောက်

၂၉ ထိုနောက်မှ ထာဝရဘုရား၏ကျွန် နုန်၏သား ယောရှုသည် အသက် တစ်ရာ့တစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ ၃၀ ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာ ရှိသောသူ၏ အမွေခံရာ တိမန​ဿာရမြို့နယ်မြေ၌ သင်္ဂြိုလ်ကြ၏။ ၃၁ ယောရှု လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလ အမျိုးအဖို့ ပြုတော်မူသမျှတို့ကို သိ၍၊ ယောရှု မရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း၊ ထာဝရဘုရားကို ဝတ်ပြုကြ၏။


ယောသပ်အရိုးသင်္ဂြိုလ်

၃၂ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏ အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတစ်ပိဿာနှင့် ယာကုပ်ဝယ်သော ရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုလ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေ ဖြစ်သတည်း။ ၃၃ အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း အနိစ္စရောက်လေ၏။ သူ၏သား ဖိနဟတ်အား လူများ ပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုလ်ကြ၏။

_________________________
Footnotes


၁၉ (a) သဝန်တိုသောဘုရားဟူသော အရာကို မြန်မာကျမ်းစာအုပ်၌ "အပြစ်ရှိသည်၊ ဟုယုံလွယ်သော ဘုရား" ၊ ဟုဘာသာပြန်ထားသည်။

၂၆ (b) မူရင်းဟေဗြဲကျမ်း၌ אֱלֹהִ֑ים תּוֹרַ֣ת בְּסֵ֖פֶר အင်္ဂလိပ်လို the book of the law of God ကို မြန်မာကျမ်းစာအုပ်၌ "ဘုရားသခင်၏ ဓမ္မကျမ်းစာ"၊ ဟုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.