ယောရှုမှတ်စာ
အခန်းကြီး ၁၂
ဣသရေလ အမျိုးသားတို့ သိမ်းယူသော မင်းကြီးများ
၁ ယော်ဒန်မြစ် အရှေ့ နေထွက်ရာဘက်၌ ၊ အာနုန်မြစ်မှစ၍၊ ဟေရမုန် တောင်တိုင်အောင်၊ အရှေ့လွင်ပြင် ရှိသမျှပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ၍၊ သိမ်းယူသော ပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ ၂ အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည် တဝက်မှစ၍ အမ္မုန်ပြည် စွန်းအပိုင်းအခြား ယဗ္ဗုတ်မြစ် တိုင်အောင်၎င်း။ ၃ အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂနေသရက်အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော၊ သောဒုံအိုင် အရှေ့ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ဝိသဂါမြို့အနား၊ တောင်မျက်နှာမှလာရာ လမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌ နေသော အာမောရိ ရှင်ဘုရင် ရှိဟုန်တစ်ပါး၊ ၄ ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊ ၅ ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင်အောင် ဗာရှန်ပြည် တလျှောက်လုံးကို၎င်း၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ်ပြည် တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧပြီမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်းသောသူ ဗာရှန်ရှင်ဘုရင် ဩဃတစ်ပါး၊ ၆ ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ ကျွန်မောရှေနှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့အား အပိုင်ပေးလေ၏။
ယောရှုနှင့် ဣသရေလ အမျိုးသား လုပ်ကြံသောမင်းကြီး (၃၁) ပါး
၇ ယော်ဒန်မြစ် အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊ ၈ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလ အမျိုးသားလုပ်ကြံ၍၊ ယောရှုသည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသော မင်းကြီးများဟူမူကား၊ ၉ ယေရိခေါ မင်းကြီးတစ်ပါး၊ ဗေသလမြို့အနားမှာ၊ အာဣ မင်းကြီးတစ်ပါး၊ ၁၀ ယေရုရှလင် မင်းကြီးတစ်ပါး၊ ဟေဗြုန် မင်းကြီးတစ်ပါး၊ ၁၁ ယာမုတ် မင်းကြီးတစ်ပါး၊ လာခိရှ မင်းကြီးတစ်ပါး၊ ၁၂ ဧဂလုန် မင်းကြီးတစ်ပါး၊ ဂဇော မင်းကြီးတစ်ပါး၊ ၁၃ ဒေဗိရ မင်းကြီးတစ်ပါး၊ ဂေဒါ မင်းကြီးတစ်ပါး၊ ၁၄ ဟောမာ မင်းကြီးတစ်ပါး၊ အာရဒ် မင်းကြီးတစ်ပါး၊ ၁၅ လိဗန မင်းကြီးတစ်ပါး၊ အဒုလံ မင်းကြီးတစ်ပါး၊ ၁၆ မက္ကဒါ မင်းကြီးတစ်ပါး၊ ဗေသလ မင်းကြီးတစ်ပါး၊ ၁၇ တာပွာ မင်းကြီးတစ်ပါး၊ ဟေဖါ မင်းကြီးတစ်ပါး၊ ၁၈ အာဖက် မင်းကြီးတစ်ပါး၊ လာရှရုန် မင်းကြီးတစ်ပါး၊ ၁၉ မာဒုန် မင်းကြီးတစ်ပါး၊ ဟာဇော် မင်းကြီးတစ်ပါး၊ ၂၀ ရှိမရုန် မင်းကြီးတစ်ပါး၊ အာခရှပ် မင်းကြီးတစ်ပါး၊ ၂၁ တာနက် မင်းကြီးတစ်ပါး၊ မေဂိဒ္ဒေါ မင်းကြီးတစ်ပါး၊ ၂၂ ကေဒေရှ မင်းကြီးတစ်ပါး၊ ကရမေလ တောင်ပေါ်မှာ ယောကနမ် မင်းကြီးတစ်ပါး၊ ၂၃ ဒေါရပြည်နယ်မှာ ဒေါရ မင်းကြီးတစ်ပါး၊ ဂိလဂါလပြည်မှာ ဂေါအိမ် မင်းကြီးတစ်ပါး၊ ၂၄ တိရဇ မင်းကြီးတစ်ပါး၊ မင်းကြီးပေါင်း သုံးဆယ့်တစ်ပါး တည်း။