ယောရှုမှတ်စာ
အခန်းကြီး ၁၇
မနာရှေအမျိုးရသော အမွေမြေ
၁ ယောသက်၏သားဦး မနာရှေ အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏ အဘမာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။ ၂ ယောသပ်၏သား မနာရှေ၏ သားယောကျ်ား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။ ၃ သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌သား ယောကျ်ားမရှိ၊ သမီး သက်သက်သာရှိ၏။ သူ၏ သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။ ၄ ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုမင်းများ ရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ ပေါက်ဖော် နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ်အား ပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီ၊ ဟုလျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသော အခွင့်ကို ပေး၏။ ၅ ထိုသို့ မနာရှေ၏ သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏ သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ၆ ယောဒန် မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည် မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။ ၇ မနာရှေခရိုင် အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လကျ်ာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။ ၈ တာပွါမြို့နယ်ကို မနာရှေ ပိုင်သော်လည်း၊ မနာရှေ ခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။ ၉ တဖန် အပိုင်းခြားသည် ကာနမြစ် တောင်ဘက်သို့ လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့ အချို့ပါသော်လည်း၊ မြစ်မြောက်ဘက် မြေသည် မနာရှေမြေဖြစ်၍ ပင်လယ်၌ ဆုံးလေ၏။ ၁၀ တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာရှေမြေ ဖြစ်လျက်၊ ပင်လယ် ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင် ရှိ၏။ ၁၁ ထိုခရိုင်၌ မနာရှေ အမျိုးရသော ပြည်သုံးပြည်ဟူမူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ရွာများ၊ ဒေါရမြို့နှင့် မြို့သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများ တို့ကို ရသေး၏။ ၁၂ သို့ရာတွင် မနာရှေ အမျိုးသားတို့သည် ထိုမြို့တို့ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင်နေကြ၏။ ၁၃ ဣသရေလ လူတို့သည် အားတိုးပွါးသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင် မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။
ယောသပ်အမျိုးတို့ မြေထပ်တောင်း
၁၄ ယောသပ် အမျိုးသားတို့ ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဘို့၊ တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့် ပေးပါသနည်း၊ ဟုယောရှုအား မေးလျှောက်ကြသော်၊ ၁၅ ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့၊ ဟုပြန်ပြော၏။ ၁၆ ယောသပ် အမျိုးသားတို့ ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း၊ နေသောခါ နနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်၊ ဟုလျှောက်ပြန်လျှင်၊ ၁၇ ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တစ်ဘို့တည်းကိုသာ မယူရ။ ၁၈ တောင်သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာ လမ်းတို့သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့် ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်၊ ဟုဧဖရိမ်အမျိုး၊ မနာရှေ အမျိုးတည်းဟူသော ယောသပ် အမျိုးသားတို့အား ပြောဆို၏။