-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၆


ထာ၀ရဘုရားက ယေရိခေါမြို့ကို ခုနစ်ရက်ပတ်ခိုင်း

ထိုအခါ ဣသရေလ အမျိုးသားတို့ကြောင့်၊ ယေရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက်ရှိ၍၊ ထွက်သောသူ၊ ဝင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ၊ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါ မင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။ သို့ဖြစ်၍ မြို့ကို လှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲ အပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်း အမှုကို ပြုရကြမည်။ ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ တံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ် တို့သည် တံပိုးကို မှုတ်ရကြမည်။ တံပိုးတို့ကို ရှည်သော အသံနှင့်မှုတ်၍၊ တံပိုးသံကို ကြားလျှင် လူအပေါင်းတို့သည်၊ ကျယ်သောအသံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့်မည်။ ထိုအခါ လူများတို့သည် တည့်တည့် တက်ရကြမည်၊ ဟုယောရှုအား မိန့်တော်မူ၏။


ယေရိခေါမြို့ကို ပတ်ကြ

နုန်၏သား ယောရှုသည် ယဇ်ပုရာဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်းသွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ်ယောက်တို့သည် ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သွားကြလော့ ဟူ၍၎င်း၊ လူများတို့အားလည်း၊ သင်တို့သွား၍မြို့ကို လှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်း၊ မှာထားလေ၏။ ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် ထာဝရဘုရား ရှေ့တော်၌ တံပိုးမှုတ်လျက် သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်သည် သူတို့နောက်သို့ လိုက်လေ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ ရှေ့မှာ လက်နက်ကိုင် တို့သည်သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာတော် နောက်သို့ လိုက်ကြ၏။


ယေရိခေါမြို့ကို ခြောက်ရက်ပတ်ကြ

၁၀ ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေခြင်းငှာ ငါမှာထားသော နေ့မရောက်မှီတွင် မကြွေးကြော်ရ၊ အသံ တစ်စုံတခုကိုမျှ မပြုရ၊ စကားတစ်ခွန်းကိုမျှ မပြောရ၊ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်၊ ဟုလူများတို့အား မှာနှင့်လေပြီ။ ၁၁ ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ကို တစ်ကြိမ် လှည့်ပတ် ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညကိုလွန်စေကြ၏။ ၁၂ နံနက် စောစော ယောရှုသည် ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူကြ၏။ ၁၃ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက်နက်ကိုင်တို့သည် သူတို့ရှေ့မှသွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ၏။ ၁၄ ဒုတိယနေ့၌ မြို့ကိုတစ်ကြိမ် လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက် ပတ်လုံးပြုကြ၏။


သတ္တမနေ့တွင်ခုနစ်ကြိမ်ပတ်ခိုင်း

၁၅ သတ္တမနေ့ နံနက် စောစော မိုးလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ် တိုင်အောင် မြို့ကို လှည့်ပတ်ကြ၏။ ထိုနေ့၌သာ ခုနစ်ကြိမ် တိုင်အောင် မြို့ကို လှည့်ပတ်ရကြ၏။ ၁၆ သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ် တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။ ၁၇ မြို့နှင့်တကွ မြို့၌ ရှိသမျှတို့ကို ကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာ ရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက် ချမ်းသာပေးရမည်။


မည်သည့်ပစ္စည်းကိုမျှ မယူရ

၁၈ သင်တို့သည် ကျိန်အပ်သော အရာကို သတိနှင့် ရှောင်ကြဉ်လော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိတို့ကို၎င်း၊ ဣသရေလ တပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။ ၁၉ ရွှေငွေကို၎င်း၊ ​ကြေးဝါတန်ဆာ၊ သံတန်ဆာ ရှိသမျှတို့ကို၎င်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်၊ ဟုလူများတို့အား ယောရှုသည်မှာ ထားလေ၏။


ယေရိခေါမြို့ရိုးပြိုလဲ၍ မီးရှို့ဖျက်ဆီးကြ

၂၀ ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံနှင့် ကြွေးကြော် ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့် ဝင်ပြီးလျှင်၊ သိမ်းယူကြ၏။ ၂၁ မြို့ထဲ၌ ရှိသမျှသော ယောကျ်ား၊ မိန်းမ၊ အကြီးအငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ဓားနှင့် ရှင်းရှင်း ဖျက်ဆီးကြ၏။ ၂၂ ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန်ဆာ မိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့၊ ဟုမှာလိုက်သည်အတိုင်း၊ ၂၃ သူလျှိုလုပ်သော လုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ ရှိသမျှတို့ကို၎င်း၊ သူ့ပေါက်ဖော် အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလ တပ်ပြင်မှာ ထားပြီးလျှင်၊ ၂၄ မြို့နှင့်တကွ မြို့၌ ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကို၎င်း၊ ​ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။


ပြည်တန်ဆာ ရာခပ်မိသားစု အသက်ချမ်းသာပေး

၂၅ ယောရှုသည်လည်း ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဖော်၊ သူ၌ ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလ အမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှာ၊ ယောရှု စေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။


ယေရိခေါမြို့ တည်ဆောက်သူကျိန်

၂၆ ထိုအခါ ယောရှုက၊ အကြင်သူသည်ထ၍ ယေရိခေါမြို့ကို တည်ပြန်၏၊ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူ ဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကို တည်၍ သားထွေး လက်ထက်၌ မြို့တံခါးတို့ကို ထောင်ပါစေ၊ ဟုကျိန်ဆို၏။ [A] ၂၇ ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့် အတူရှိတော်မူ၍၊ [B] သူ၏ သတင်းသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။






S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.