-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၇

ယေရှုပိလတ်မင်းထံပို့

နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည်၊ ယေရှုကို သတ်အံ့သောငှါ တိုင်ပင်၍၊ ကိုယ်တော်ကို ချည်နှောင်ပြီးလျှင်၊ မြို့ဝန်မင်း ပုန္တိပိလတ် ထံသို့ဆောင်သွား၍ အပ်လိုက်ကြ၏။


ယုဒရှကာရုတ်သတ်သေ

ထိုအခါ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည်၊ ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊ အ​ကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီ၊ ဟုဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့၊ ဟုဆိုကြသော်၊ သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင်၊ လည်ကြိုးတပ်၍ သေလေ၏။


အိုးထိန်းသမား မြေကွက်ဝယ်

ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုငွေကိုယူ၍၊ အသွေး၏ အဖိုးဖြစ်၏၊ ဘဏ္ဍာတော်၌ မသွင်းအပ်၊ ဟုပြောဆို၊ တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို၊ တပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ၊ ထိုငွေနှင့်ဝယ်ကြ၏။ ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင်၊ ထိုမြေကွက်ကို သွေးမြေ၊ ဟုခေါ်တွင်ကြ၏။ ပရောဖက် ယေရမိဟောသည်ကား၊ ဣသရေလ လူတို့သည် အဖိုးပြတ်သောသူ၏ ကိုယ်ဘိုး ငွေသုံးဆယ်ကို သူတို့သည်ယူ၍၊ ထာဝရဘုရားသည် ငါ့ကိုမှာထား တော်မူသည်အတိုင်း။ ၁၀ အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏၊ ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ ရောက်လေ၏။ [A]


ယေရှုကို ပိလတ်မင်းကစစ်

၁၁ ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော်၊ မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလော၊ ဟုမေးလျှင်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း မှန်သည်၊ ဟုမိန့်တော်မူ၏။ ၁၂ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီး အကဲတို့သည်၊ အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ၊ ၁၃ ပိလတ်မင်းကလည်း၊ သင့်တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလော၊ ဟုပြောဆိုသော်လည်း၊ ၁၄ စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံ့ဩလေ၏။


ယေရှုကိုသတ်ဖို့ စီရင်

၁၅ ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသော သူတို့တွင်၊ လူများတို့ အလိုရှိသော သူတစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။ ၁၆ ထိုအခါ အကျဉ်းထားသော သူတို့တွင်၊ ဗာရဗ္ဗ အမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။ ၁၇ လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း၊ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်၊ ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလော၊ ဟုလူများတို့အား မေးလေ၏။ ၁၈ အဘယ် ကြောင့် ဤသို့ မေးသနည်းဟူ မူကား၊ ထိုသူတို့သည်၊ မနာလိုသော စိတ်နှင့်ယေရှုကို အပ်နှံကြောင်းကို ပိလတ်မင်းသိ၏။ ၁၉ ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထို​ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီ၊ ဟုမှာလိုက်၏။ ၂၀ လူအစုအဝေးတို့သည် ဗာရဗ္ဗကို တောင်း၍၊ ယေရှုကို သတ်စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအ ကဲတို့သည်၊ လူများကို တိုက်တွန်း သွေးဆောင်ကြ၏။ ၂၁ ထိုကြောင့် မြို့ဝန်မင်းသည်၊ ဤသူ နှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း၊ ဟုလူများကို တဖန် မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်၊ ဟုလျှောက်ကြ၏။ ၂၂ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်၊ ဟုခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်း၊ ဟုမေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေ၊ ဟုဆိုကြ၏။ ၂၃ မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်း၊ ဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေ၊ ဟုလူများတို့သည် သာ၍ဟစ်ကြ၏။ ၂၄ ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကို မြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကို ဆေးလျက်၊ ဤ​ဖြောင့်မတ်သောသူ၏ အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့၊ ဟုဆို၏။ ၂၅ ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း၊ သားမြေးတို့၏ ခေါင်းပေါ်၌၎င်း၊ တည်ရှိပါစေ၊ ဟုပြန်ပြောကြ၏။ ၂၆ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။


ယေရှုကို ပြက်ယယ်ပြုရိုက်ကြ

၂၇ ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍၊ စစ်သူရဲ တစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊ ၂၈ အဝတ်တော်ကို ချွတ်၍ နီသော ဝတ်လုံကို ခြုံစေကြ၏။ ၂၉ ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတလုံးကိုလည်း လက်ယာ လက်တော်နှင့် ကိုင်စေပြီးလျှင်၊ ရှေ့တော်မှာ ဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍၊ ကိုယ်တော်ကို ပြက်ယယ် ပြုကြ၏။ ၃၀ ကိုယ်တော်ကို တံထွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။ ၃၁ ထိုသို့ ကိုယ်တော်ကို ပြက်ယယ် ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။


ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်

၃၂ သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေပြည်သား တစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ ၃၃ ဦးခေါင်းခွံအရပ်၊ ဟုဆိုလိုသော ဂေါလဂေါသ အမည်တွင်သော အရပ်သို့ရောက်ကြသော်၊ ၃၄ ဆေးခါးနှင့် ရောသော ပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။ ၃၅ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။ ၃၆ ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။ ၃၇ အပြစ်ဖော်ပြသော ကမ္ဗည်းလိပ်စာချက် ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်း၊ ဟုရေး၍ ခေါင်းပေါ်မှာ တပ်သတည်း။ ၃၈ ထိုအခါ ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။


ထပ်ပြီးပြက်ယယ်ပြုကြ
CROSS REFERENCES






၃၉ လမ်းမှာ သွားလာသော သူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊ [B] ကိုယ်ကိုကိုယ် ကယ်တင်လော့။ ၄၀ ဘုရားသခင်၏ သားတော်မှန်လျှင်၊ လက်ဝါးကပ်တိုင်မှ ဆင်းလော့၊ ဟုမိမိတို့ ခေါင်းကို ညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။ ၄၁ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ၄၂ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလ ရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခု ဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။ ၄၃ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏ သားဖြစ်၏၊ ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည်၊ သူ၌ အလိုတော်ရှိလျှင်၊ ယခုပင် ကယ်တင်တော်မူ ပါလေစေ၊ ဟုပြက် ယယ်ပြု၍ ပြောဆိုကြ၏။ ၄၄ ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော ဓားပြတို့သည်လည်း၊ ကဲ့ရဲ့အပြစ်တင်ကြ၏။


အသက်တော်စွန့်
CROSS REFERENCES






၄၅ မွန်းတည့်အချိန်မှစ၍ သုံးချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ [C] ၄၆ သုံးချက်တီးအချိန်၌ ယေရှုက၊ "ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ" ဟုကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အ​ကျွန်ုပ်ဘုရား၊ အ​ကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အ​ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း၊ ဟုဆိုလိုသတည်း။ ၄၇ ထိုအရပ်၌ ရပ်နေသောသူ အချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကို ခေါ်သည်၊ ဟုဆိုကြ၏။ ၄၈ လူတစ်ယောက်သည် ချက်ခြင်း ပြေး၍၊ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလေ၏။ ၄၉ ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကို ကယ်တင်ခြင်းငှာ လာမည်၊ မလာမည်ကို ကြည့်ကြကုန်အံ့၊ ဟုဆိုကြ၏။ ၅၀ ယေရှုသည် ကြီးသောအသံနှင့် တဖန် ကြွေးကြော်ပြီးလျှင်၊ အသက်တော်ကို လွှတ်တော်မူ၏။ ၅၁ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်း တိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။ ၅၂ သင်္ချိုင်းတွင်းတို့သည် ပွင့်လှစ်သဖြင့်၊ ကျိန်းစက်လျက် ရှိသော သန့်ရှင်းသူတို့၏ အလောင်း များစွာတို့သည် ထကြ၍၊ ၅၃ ကိုယ်တော် ထမြောက်တော်မူ သည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။ ၅၄ ယေရှုကို စောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည်၊ မြေကြီးလှုပ်ခြင်း စသည်တို့ကို မြင်လျှင် အလွန် ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏ သားတော်မှန်ပေ၏၊ ဟုဆိုကြ၏။ ၅၅ ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အ​ကျွေး လိုက်လာသော မိန်းမအများ တို့သည်လည်း၊ ထိုအရပ်၌ အဝေးက ကြည့်ရှု၍ နေကြ၏။ ၅၆ ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သော မာရိနှင့် ဇေဗေဒဲ၏ သားတို့၏ အမိပါကြသတည်း။


ယေရှုအလောင်းကို မြှုပ်ကြ

၅၇ ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ် အမည်ရှိသော သူဌေးသည်၊ [D] ယေရှု၏ တပည့်တော်ဖြစ်သည်နှင့်၊ ၅၈ ပိလတ်မင်းထံသို့ ဝင်၍၊ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော် ရှိသော်၊ ၅၉ ယောသပ်သည် အလောင်းတော်ကို ယူ၍၊ ဖြူစင်သော ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ၆၀ ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်း သစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။ ၆၁ မာဂဒလမာရိနှင့် အခြားသော မာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေကြ၏။


သင်္ချိုင်းစောင့်ကြ

၆၂ အဘိတ်နေ့လွန်၍ နက်ဖြန်နေ့ ရောက်လျှင်၊ ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ၌ စုဝေး၍၊ ၆၃ ထိုလှည့်ဖြားသော သူက၊ ငါသည် သုံးရက်မြောက်သော နေ့၌ ထမြောက်မည်၊ ဟုမသေမှီ ပြောသည်ကို အ​ကျွန်ုပ်တို့ မှတ်မိပါပြီ။ ၆၄ ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကို ခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထမြောက်တော်မူပြီ၊ ဟုလူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှား သာ၍ ကြီးမည်၊ ဟုစိုးရိမ်စရာ အကြောင်း ရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာ စောင့်စိမ့်သောငှာ အမိန့်ရှိတော်မူပါ၊ ဟုလျှောက်ကြလျှင်၊ ၆၅ ပိလတ်မင်းက၊ သင်တို့၌ လူစောင့် တစ်တပ်ရှိ၏။ သွားကြ၊ တတ်နိုင် သမျှအတိုင်း လုံခြုံစွာ စောင့်စေကြ၊ ဟုဆိုလေ၏။ ၆၆ ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင်၊ အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.