-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၆

ယေရှုကိုသတ်ဖို့ တိုင်ပင်ကြ
CROSS REFERENCES





CROSS REFERENCES






ထိုဒေသနာတော် ရှိသမျှတို့ကို ယေရှုသည် အကုန်အစင် ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊ နှစ်ရက်လွန်မှ ပသခါပွဲ [A]နေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ် အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲ ဖြစ်သောသူတို့သည်၊ ကယာဖ အမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊ ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။ [B] သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ် ဖြစ်မည်ကို စိုးရိမ်၍၊ ပွဲနေ့တွင် မပြုနှင့်ဦး၊ ဟုပြောဆိုကြ၏။


ယေရှုကိုဆီမွှေးလောင်း

ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည် ဖြစ်၍၊ မိန်းမတစ်ယောက်သည် အဖိုးများစွာ ထိုက်သော ဆီမွှေးကျောက် ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော် ၏ ခေါင်းပေါ်၌ သွန်းလောင်းလေ၏။ တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ် ရှိသည်ဖြစ်၍၊ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။ ထိုဆီမွှေးကို အဖိုးများစွာနှင့် ရောင်း၍၊ ဆင်းရဲသော သူတို့အား ပေးစရာ ကောင်းသည်၊ ဟုဆိုကြ၏။ ၁၀ ယေရှုသည် သိတော်မူလျှင်၊ ထိုမိန်းမကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။ ၁၁ ဆင်းရဲသော သူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည် မဟုတ်။ ၁၂ ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုလ်မည်၊ ဟုပြင်ဆင်ခြင်းငှာ ပြုသတည်း။ ၁၃ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသော အရပ်ရပ်တို့၌၊ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသော ဤအမှုကို ကြားပြောရလတံ့၊ ဟုမိန့်တော်မူ၏။


ယုဒရှကာရှတ် ယေရှုအပ်နှံဖို့ကြံ
CROSS REFERENCES






၁၄ ထိုအခါ တပည့်တော် တစ်ကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ်သည်၊ ယဇ်ပုရောဟိတ် အကြီးတို့ ထံသို့သွား၍၊၁၅ အ​ကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့ လက်သို့ အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်း၊ ဟုလျှောက်သော်၊ ထိုသူတို့က ငွေအကျပ် သုံးဆယ် ပေးမည်၊ [C] ဟုဝန်ခံကြ၏။ ၁၆ ထိုအခါမှစ၍ ကိုယ်တော်ကို အပ်ခြင်းငှာ၊ အဆင်သင့်သော အချိန်ကာလကို ရှာကြံလျက်နေ၏။


နောက်ဆုံး ပသခါပွဲ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၇ အဇုမပွဲ ပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲ [D]ကို စားတော်မူဖို့ရာ၊ အဘယ်အရပ်၌ အ​ကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ၊ အလိုရှိတော်မူသနည်း၊ ဟုမေးလျှောက်ကြသော်၊ ၁၈ ကိုယ်တော်က၊ မြို့တွင် ဤမည်သော သူ၏ အိမ်သို့သွားကြ၊ ဆရာမှာ လိုက်သည်ကား၊ ငါ့အချိန်နီးပြီ သင့်အိမ်၌ ငါ့တပည့် တို့နှင့်တကွ ပသခါပွဲကို ငါခံမည်၊ ဟုထိုသူကို ပြောကြလော့၊ ဟုမိန့်တော်မူ၏။ ၁၉ တပည့်တော်တို့သည် စီရင်တော်မူသည် အတိုင်း ပြု၍၊ ပသခါပွဲ [E]ကို ပြင်ဆင်ကြ၏။ ၂၀ ညဦးယံ အချိန်ရောက်မှ တပည့်တော် တစ်ကျိပ်နှစ်ပါး တို့နှင့်အတူ၊ စားပွဲ၌ လျောင်းတော်မူ၏။ ၂၁ စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက် သောသူသည်၊ ငါ့ကို အပ်နှံလိမ့်မည်၊ ဟုမိန့်တော်မူလျှင်၊ ၂၂ တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အ​ကျွန်ုပ်လော၊ ဟုအသီးအသီး မေးလျှောက်ကြ၏။ ၂၃ ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သော သူသည်၊ ငါ့ကို အပ်နှံလိမ့်မည်။ [F] ၂၄ ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင်၊ အနေသာ၍ ကောင်းသည်၊ ဟုမိန့်တော်မူ၏။ ၂၅ ကိုယ်တော်ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကလည်း၊ ဆရာ(a) အ​ကျွန်ုပ်လော၊ ဟုမေးလျှောက်လျှင်၊ သင်ဆိုသည် အတိုင်းမှန်သည်၊ ဟုပြန်ပြောတော်မူ၏။


ညစာစားကြ
CROSS REFERENCES






၂၆ ထိုအခါ စားလျက် နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့၊ ဟုမိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ ၂၇ ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ­၂၈ ဤခွက်ကား ပဋိညာဉ်တရားသစ် [G]နှင့်ဆိုင်၍၊ လူများတို့၏ အပြစ်ကို လွှတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေး ဖြစ်၏။ ၂၉ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုး အသစ်ကို၊ ငါ့ခမည်းတော်၏ နိုင်ငံ၌၊ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန်ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ ၃၀ ထိုနောက် သီချင်းဆိုကြပြီးမှ၊ သံလွင်တောင်သို့ ထွက်သွားကြ၏။


ပေတရုသုံးကြိမ်ငြင်းမည်
CROSS REFERENCES






၃၁ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်၊ [H] ဟုရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည်၊ ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။ ၃၂ သို့သော်လည်း ငါသည် ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်၊ ဟုမိန့်တော်မူသော်၊ ၃၃ ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အ​ကျွန်ုပ်သည် စိတ်အလျှင်း မပျက်ပါ၊ ဟုလျှောက်လေ၏။ ၃၄ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်၊ [I] ဟုမိန့်တော်မူလျှင်၊ ၃၅ ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အ​ကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါ၊ ဟုလျှောက်ပြန်၏။ တပည့်တော် အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။


ဂေသရှေမန်၌ဆုတောင်း

၃၆ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန် အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့၊ ဟုတပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ၃၇ ပေတရုနှင့် ဇေဗေဒဲ၏သား နှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ၃၈ ထိုအခါယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့၊ ဟုတပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍၊ ၃၉ ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ ပြပ်ဝပ်၍ အ​ကျွန်ုပ်အဘ၊ ဤခွက်သည် အ​ကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အ​ကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်၊ ဟုဆုတောင်းတော်မူ၏။ ၄၀ တပည့်တော်တို့ ရှိရာသို့ ပြန်၍၊ သူတို့သည် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူ စောင့်၍နေခြင်းငှာ ဤသို့ မစွမ်းနိုင်သလော။ ၄၁ စုံစမ်း နှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်၊ ဟုပေတရုအား မိန့်တော်မူပြီးမှ၊ ၄၂ တဖန်သွား၍ အ​ကျွန်ုပ်အဘ၊ ဤခွက်ကို အ​ကျွန်ုပ်မသောက်ဘဲ လွန်၍ မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်၊ ဟုဆုတောင်းပြန်၏။ ၄၃ ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍၊ သူတို့သည် မျက်စိ လေးလံသဖြင့်၊ တဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊ ၄၄ သူတို့ကို ထားခဲ့၍၊ တဖန် သွားပြီးလျှင် ရှေ့မြွက်ဆိုသည် နည်းတူ၊ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။ ၄၅ ထိုနောက် တပည့်တော်တို့ ရှိရာသို့ ပြန်လာလျှင်၊ ယခု အိပ်ပျော်၍ ငြိမ်ဝပ်စွာ နေကြလော့။ လူသားကို ဆိုးသောသူတို့ လက်သို့ အပ်နှံရသော အချိန်ရောက်လာပြီ။ ၄၆ ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသော သူသည် ရောက်လာပြီ၊ ဟုမိန့်တော်မူ၏။


ယေရှုကို ဖမ်းဆီးကြ

၄၇ ထိုသို့ မိန့်တော်မူစဉ်တွင် တပည့်တော် တစ်ကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ် လာ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူတို့တွင် အကြီးအကဲ ဖြစ်သောသူများ စေလွှတ်သော လူအစုအဝေး အပေါင်းတို့သည်၊ ဓားနှင့်တုတ်များကို ကိုင်လျက် ပါကြ၏။ ၄၈ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြ၊ ဟုထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ ၄၉ ကိုယ်တော်ရင်းသို့ ချက်ခြင်း ချဉ်းကပ်၍ ဆရာ၊(a) မင်္ဂလာရှိပါစေသော်၊ ဟုဆိုလျက် နမ်းလေ၏။ ၅၀ ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်း၊ ဟုမေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင် ဖမ်းဆီးကြ၏။ ၅၁ ထိုအခါ ယေရှုနှင့်ပါသော သူတစ်ယောက်သည် လက်ကိုဆန့်၍ ဓားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ​ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။ ၅၂ ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ ပြန်ထားလော့၊ ဓားကို ကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ရောက် ကြလိမ့်မည်။ ၅၃ ယခုပင် ငါ့အဘကို ငါ့တောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ်တပ် မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည် မထင်သလော။ ၅၄ သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည် ဟူသော ကျမ်းစာချက်သည်၊ အဘယ်သို့ ပြည့်စုံအံ့နည်း၊ ဟုမိန့်တော်မူ၏။ ၅၅ ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ၊ ဓားနှင့်တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒ ပေးလျက်၊ သင်တို့ အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။ ၅၆ ထိုအကြောင်းအရာမူကား၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံမည် အကြောင်းတည်း၊ ဟုလူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော် အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ ပြေးကြ၏။


ယေရှုကိုသတ်ဖို့ အပြစ်ရှာကြ
CROSS REFERENCES






၅၇ ကိုယ်တော်ကို ဖမ်းဆီးသော သူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများ စည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖ ထံသို့ ဆောင်သွားကြ၏။ ၅၈ ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကို သိမြင်ခြင်းငှာ မင်းလုလင် တို့နှင့်အတူ ထိုင်နေ၏။ ၅၉ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိ အပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း၊ မမှန်သော သက်သေကို ရှာသော်လည်း မတွေ့ကြ။ ၆၀ မမှန်သော သက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ရကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံ နှစ်ယောက်တို့သည် လာ၍၊ ၆၁ ဤသူက ငါသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖြိုဖျက်၍၊ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်၊ ဟုပြောပါသည်၊ ဟုသက်သေခံကြ၏။ [J] ၆၂ ယဇ်ပုရောဟိတ် မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်း၊ ဟုဆိုလျှင်၊ ၆၃ ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ယဇ်ပုရောဟိတ်မင်း ကလည်း၊ သင်သည် ခရစ်တော်တည်းဟူသော၊ ဘုရားသခင်၏ သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင် တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏၊ ဟုဆိုလျှင်၊ ၆၄ ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့၊ ဟုမိန့်တော်မူ၏။ ၆၅ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောပြီ။ အဘယ် သက်သေကို လိုသေးသနည်း။ ဘုရားကို လွန်ကျူး၍ ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။ ၆၆ အဘယ်သို့ ထင်မှတ်ကြသနည်း၊ ဟုမေးမြန်းလျှင်၊ ထိုသူတို့က၊ ဤသူသည် အသေခံထိုက်ပေ၏၊ ဟုပြန်၍စီရင်ကြ၏။၆၇ ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။ ၆၈ အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်း ခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူ ပုတ်သည်ကို ပရောဖက်ပြု၍၊ ဟောတော်မူပါ၊ ဟုဆိုကြ၏။


ပေတရု သူ၏သခင်ကို ငြင်း

၆၉ ပေတရုသည် ပြင်မှာအိမ်ဦး၌ ထိုင်နေစဉ်၊ အစေအပါး မိန်းမတစ်ယောက်သည် သူရှိရာသို့ လာ၍၊ သင်သည်လည်း ဂါလိလဲလူယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်၊ ဟုဆိုလျှင်၊ ၇၀ ပေတရုက၊ သင်ပြောသော အရာကို ငါမသိ၊ ဟုလူအပေါင်းတို့ ရှေ့၌ ငြင်းခုံလေ၏။ ၇၁ ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ၊ အခြားသော မိန်းမသည် သူ့ကိုမြင်၍၊ ထိုအရပ်၌ ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သား ယေရှုနှင့် အပေါင်းဖော်သောသူ ဖြစ်သည်၊ ဟုဆိုလျှင်၊ ၇၂ ပေတရုက၊ ထိုသူကို ငါမသိ၊ ဟုကျိန်ဆိုလျက် တဖန် ငြင်းခုံပြန်၏။ ၇၃ ထိုနောက် များမကြာ ထိုအရပ်၌ ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့ အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏၊ ဟုဆိုကြလျှင်၊ ၇၄ ပေတရုက၊ ထိုသူကို ငါမသိ၊ ဟုဓိဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏခြင်းတွင် ကြက်တွန်လေ၏။ ၇၅ ယေရှုက၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည် ဟုမိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။

_________________________
Footnotes


၂၅ နှင့် ၄၉ (a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.