-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၁
CROSS REFERENCES






ရှင်ဘုရင်အဖြစ်ပေးအပ်သောနေ့ [A]
CROSS REFERENCES





CROSS REFERENCES






ယေရုရှလင်မြို့ အနီးသို့ချဉ်း၍ သံလွင်တောင် ​ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ၊ ယေရှုသည် တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့ရှေ့၌ ရှိသော ရွာသို့ သွားကြ၊ ထိုရွာ၌ ချည်နှောင်လျက် ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ခြင်း တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။ သူတပါးသည် သင်တို့အား တစ်စုံတခုကို ဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ခြင်း ပေးလိုက်မည်၊ ဟုမှာထားတော်မူ၏။ ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊ နူးညံ့ သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့၊ ဟုဇိအုန်သတို့သမီးအား ပြောကြလော့ ဟူသော၊ ပရောဖက်၏ နှုတ်ထွက် ပြည့်စုံမည် အကြောင်းဖြစ်သတည်း။ [B] တပည့်တော်တို့သည် သွား၍ အမိန့်တော် အတိုင်း ပြုသဖြင့်၊ မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍၊ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ကြပြီးလျှင်၊ ကိုယ်တော်သည် စီးတော်မူ၏။ အတိုင်းမသိ များစွာသော လူတို့သည်၊ မိမိတို့ အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည်၊ သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ ခင်းကြ၏။ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က၊ ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ [C]ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း။ [D] ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ (Yahweh is salvation) ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏။ ၁၀ ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ၊ တမြို့လုံး အုပ်အုပ်သဲသဲဖြစ်၍၊ [E] ဤသူကား အဘယ်သူနည်း၊ ဟုမေးမြန်းကြလျှင်၊ ၁၁ လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက် ယေရှုပေတည်း၊ ဟုပြောဆိုကြ၏။


ဗိမာန်တော်ရှင်း
CROSS REFERENCES






၁၂ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်နေရာကို၎င်း၊ တွန်းလှဲတော်မူလျက်၊ ၁၃ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့၊ ဟုကျမ်းစာ၌ လာသော်လည်း၊ [F] သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီး တကား၊ ဟုမိန့်တော်မူ၏။ ၁၄ ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ​ခြေမစွမ်းသော သူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။ ၁၅ ကိုယ်တော် ပြုတော်မူသော အံ့ဩဘွယ် အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း၊ ဟုဗိမာန်တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊ ၁၆ ဤသူတို့သည် အဘယ်သို့ ပြောဆိုသည်ကို ကြားသလော၊ ဟုယေရှုအားမေးကြသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်၊ [G] ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဖတ်ဘူးသလော၊ ဟုမိန့်တော်မူ၏။ [H] ၁၇ ထိုအခါ သူတို့ကို ထားခဲ့၍ မြို့ထဲမှ ထွက်ပြီးလျှင်၊ ဗေသနိရွာသို့ ကြွ၍ ထိုညကို လွန်စေတော်မူ၏။

CROSS REFERENCES






သင်္ဘောသဖန်းပင်ကျိန် [I]

၁၈ နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။ ၁၉ လမ်းနားမှာ သင်္ဘောသဖန်းပင် တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည် ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌ အသီးမသီးစေနှင့်၊ ဟုမိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့​ခြောက်လေ၏။ ၂၀ တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်း သွေ့ခြောက်ပါပြီ တကား၊ ဟုအံ့ဩ၍ ဆိုကြ၏။ ၂၁ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့် ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှ ရွေ့လော့၊ ပင်လယ်၌ ကျလော့၊ ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ၂၂ ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


မည်သူ၏အခွင့်နှင့်ပြုသနည်း

၂၃ ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူတို့တွင် အကြီးအကဲ ဖြစ်သော သူတို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူ ပေးသနည်း၊ ဟုမေးလျှောက်ကြသော်၊ ၂၄ ယေရှုက၊ ငါသည် တစ်စုံတခုကို မေးဦးမည်။ သင်တို့​ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။ ၂၅ ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်က ဖြစ်သနည်း။ ဘုရားက ဖြစ်သလော။ လူက ဖြစ်သလော၊ ဟုမေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်း ဆင်ခြင်၍၊ ဘုရားကဖြစ်သည်၊ ဟုငါတို့​ဖြေလျှင် သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်း၊ ဟုသူမေးလေဦးမည်။ ၂၆ လူကဖြစ်သည်၊ ဟုငါတို့ဖြေလျှင် လူများကို ကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏၊ ဟုအချင်းချင်း ဆင်ခြင်ပြီးမှ၊ ၂၇ အ​ကျွန်ုပ်တို့ မသိပါ၊ ဟုယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါ့ပြုသည်ကို ငါမပြော။


သားကြီးနှင့်သားငယ်

၂၈ သင်တို့သည် အဘယ်သို့ ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီးဆီသို့ သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့၊ ဟုဆိုလျှင်၊ ၂၉ သားက ငါမသွားဘူး၊ ဟုပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍ သွားလေ၏။ ၃၀ အဘသည် အခြားသောသား ဆီသို့ သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားက သွားပါမည်အဘ သခင်၊ ဟုဆိုသော်လည်း မသွားဘဲနေ၏။ ၃၁ ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏ အလိုကို ဆောင်သနည်း၊ ဟုမေးတော်မူလျှင်၊ သားအကြီး ဆောင်ပါသည်၊ ဟုလျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏။ ၃၂ အကြောင်းမူကား၊ ယောဟန်သည်​ ဖြောင့်မတ်သော အကျင့်ကို ကျင့်၍ သင်တို့ဆီသို့လာသော်လည်း၊ သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင်သော်လည်း၊ ယုံကြည်မည်အကြောင်း နောက်တဖန် နောင်တ မရကြ။


စပျစ်ဥယျာဉ်

၃၃ အခြားသော ဥပမာကို နားထောင်ကြလော့။ အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနှယ်ရာ ကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှား၍ အခြားသော ပြည်သို့ သွားလေ၏။ ၃၄ အသီးသီးချိန် ရောက်သောအခါ၊ အသီးကို ခံစေခြင်းငှာ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ ရှိရာသို့ စေလွှတ်လေ၏။ ၃၅ ထိုသူတို့သည် ငယ်သားများကို ဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကို ခဲနှင့်ပစ်ကြ၏။ ၃၆ နောက်တဖန် အရင်ထက် များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူ ပြုကြ၏။၃၇ နောက်ဆုံး ဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်၊ ဟုဆို၍ မိမိသားကို စေလွှတ်လေ၏။ ၃၈ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူကိုသတ်၍ သူ၏အမွေဥစ္စာကို ယူကြကုန်အံ့၊ ဟုအချင်းချင်း တိုင်ပင်၍၊ ၃၉ ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ ၄၀ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း၊ ဟုမေးတော်မူ၏။ ၄၁ ပရိသတ်တို့ကလည်း၊ ထိုလူဆိုးတို့အား ဆိုးသော ဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သော အခြားလူတို့အား ထိုဥယျာဉ်ကို ငှားပါလိမ့်မည်၊ ဟုလျှောက်ကြ၏။


ပယ်သောကျောက်
CROSS REFERENCES






၄၂ ယေရှုကလည်း၊ တိုက်ကို တည်လုပ်သောသူများ ပယ်ထားသော ကျောက်သည်၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသော အမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့ဩဘွယ်ဖြစ်၏၊ ဟူသော စကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှ မဖတ်ဘူးသလော။ [J] ၄၃ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နှုတ်၍၊ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအားပေးရလတံ့။ ၄၄ အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏၊ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်​ကြေ လတံ့၊ ဟုမိန့်တော်မူ၏။ ၄၅ ထိုဥပမာစကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။ ၄၆ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံသော်လည်း၊ စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.