ယောဘ၀တ္ထု
အခန်းကြီး ၄၁
ထာ၀ရဘုရားက ယောဘကို လဝိသန်အကြောင်းမေး
၁ လဝိသန်
(a) ကို ငါးမျှားနှင့်ဆွဲယူ၍ သူ၏လျှာကို ကြိုးနှင့် နှိပ်နင်းမည်လော၊၊
၂ သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော၊၊
၃ သူသည် သင့်ကို များစွာ တောင်းပန်လိမ့်မည်လော၊၊ ချော့မော့သေစကားကို ပြောလိမ့်မည်လော၊၊
၄ သင်နှင့် ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည်လော၊၊ သင်အမှုကို အစဉ်ဆောင်ရွက်ခြင်းငှါ သူ့ကို ခန့်ထားမည်လော၊၊
၅ ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော၊၊ သင်၏ မိန်းမကလေးတို့အဘို့ သူ့ကို ချည်နှောင်မည်လော၊၊
၆ သင်၏ အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲ ခံကြလိမ့်မည်လော၊ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော၊၊
၇ သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင်သလော။
၈ သူ့အပေါ်မှာ လက်တင်ရုံမျှ သာပြုပါ၊၊ သူ့ကိုတိုက်မည်အကြံကို နောက်တဖန် မအောက်မေ့ရ၊၊
၉ တိုက်သောသူသည် နိုင်မည်ဟု အချည်းနှီးထင်၏၊၊
၁၀ မြင်ကာမျှနှင့် စိတ်မပျက်သလော၊၊
၁၀ သူ့ကိုနိုးဆော်ခြင်းငှါ အဘယ်သူမျှ မရဲရင့်၊ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူ ရပ်နိုင်သနည်း၊၊
၁၁ ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း၊ အဘယ်သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း၊၊ မိုးကောင်းကင်အောက်၌ ရှိရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏၊၊
လဝိသန်၏ဂုဏ်အင်္ဂါများ
၁၂ လဝိသန်၏ အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည်ဝှက်၍မထား၊၊ ၁၃ သူ၏အဝတ်ကို အဘယ်သူ လှန်နိုင်သနည်း၊၊ နှစ်ထပ်ရှိသော ပါးရိုးကိုအဘယ်သူ ချဉ်းကပ်လိမ့်မည်နည်း၊၊ ၁၄ သူ၏မျက်နှာတံခါးကို အဘယ်သူ ဖွင့်လိမ့်မည်နည်း။ သူ၏သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏၊၊ ၁၅ လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့်တချပ် ပူးကပ်သော အကြေးများနှင့် ဝါကြွားတတ်၏၊၊ ၁၆ လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ်လျက် ရှိကြ၏၊၊ ၁၇ တချပ်နှင့် တချပ် မခွာနိုင်အောင် တခဲနက်ရှက် တင်လျက်ရှိကြ၏၊၊ ၁၈ သူနှာချေသောအခါ အလင်းတောက်တတ်၏၊၊ သူ့မျက်စိသည် နံနက် မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏၊၊ ၁၉ ပါးစပ်ထဲက မီးရှုးထွက်၍ မီးပွားတို့လည်းလွင့်ကြ၏၊၊ ၂၀ ပွတ်ပွတ်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့၊ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏၊၊ ၂၁ အသက်ရှုသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏၊၊
၂၂ လည်ပင်း၌ တန်ခိုးရှိ၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏၊၊ ၂၃ အသားအကြောတို့သည် တခဲနက်ဖြစ်၍၊ မရွေ့နိုင်အောင် ခိုင်မာလျက်ရှိကြ၏၊၊ ၂၄ နှလုံးသည် ကျောက်ကဲ့သို့မာ၏၊၊ အောက်ကြိတ်ဆုံ ကျောက်ကဲ့သို့မာ၏၊၊ ၂၅ သူထသောအခါ ခွန်အားကြီးသော သူတို့သည် ကြောက်လန့်ကြ၏၊၊ ကြောက်လန့် အားကြီးသောကြောင့် အရှုးကဲ့သို့ ဖြစ်ကြ၏။ ၂၆ သူ့ကိုတိုက်လျှင် ထားမခိုင်တတ်၊ လှံ၊ မြှား၊ သံချပ်မခိုင်တတ်၊ ၂၇ သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေးကဲ့သို့၎င်း မှတ်တတ်၏၊၊ ၂၈ လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်၊၊ လောက်လွဲနှင့်ပစ်သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ဖြစ်ကြ၏၊၊ ၂၉ ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏၊၊ ၃၀ သူ့အောက်မှာ ထက်သော အိုးစောင်းခြမ်းများရှိ၏။ ရွှံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏၊၊ ၃၁ အိုးကင်းဆူသကဲ့သို့ ပင်လယ်ကို ဆူစေတတ်၏၊၊ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏၊၊ ၃၂ သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့် ပင်လယ်သည် ဆံပင် ဖြူယောင်ဆောင်တတ်၏၊ ၃၃ မြေပေါ်မှာ သူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သော သဘောနှင့် ကင်းလွတ်၏၊၊ ၃၄ ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင် ပြုတတ်၏၊၊ မာနထောင်လွှားသော သူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏၊၊
_________________________
Footnotes
(a) လဝိသန်(Leviathan) သည် ကြီးမားသောရေသတ္တဝါ ဖြစ်သည်။