ယောဘ၀တ္ထု
အခန်းကြီး ၃၀
၁ ယခုမူကား၊ ငါ့ထက်အသက် ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏၊၊ သူတို့အဘများကို ငါသည်ရွှံ့ရှာ၍ ငါ့သိုးစုကို စောင့်သောခွေးတို့တွင်မျှ နေရာမပေး၊၊ ၂ သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း၊၊ ၃ ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဖေါ်၊၊ နက်နဲသော တောအရပ်နှင့် လူဆိတ်ညံရာအရပ်သို့ ပြေးကြ၏၊၊ ၄ စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏၊၊ ၅ လူနေရာမှ နှင်ထုတ်ခြင်းကိုခံရ၍၊ သူခိုးကို လိုက်သကဲ့သို့ သူတပါးတို့သည် လိုက်၍ အော်ဟစ်ကြ၏၊၊ ၆ ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏၊၊ ၇ ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင်အောက်မှာ စုဝေးလျက် နေကြ၏၊၊ ၈ လူမိုက်သား၊ လူယုတ်သားဖြစ်၍ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏၊၊
၉ ယခုမူကား၊ ငါသည် သူတို့သီချင်းဆိုရာ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ်ပါသည်တကား၊၊ ၁၀ ငါ့ကိုရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏၊၊ ငါ့မျက်နှာကို တံထွေးနှင့် မထွေးဘဲ မနေကြ၊၊ ၁၁ ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့် သူတို့သည် ငါရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏၊၊ ၁၂ သူငယ်တို့သည် ငါ့လကျ်ာဘက်၌ ထ၍ ငါ့ခြေကို တွန်းကြ၏။ ငါ့ကို ဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။ ၁၃ ငါ့လမ်းဖျက်၍ ငါ့ကိုလဲစေခြင်းငှါ ကြိုးစားကြ၏၊၊ သူတို့တွင် သတိပေးသောသူမရှိ။ ၁၄ ကျယ်သောတွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကိုတိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။ ၁၅ ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍ လေတိုက်သကဲ့သို့ ငါ့ဘုန်းကိုလိုက်သဖြင့် ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ၊၊
၁၆ ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ၊၊ ဒုက္ခဆင်းရဲ ခံရာကာလသည် ငါ့ကိုမှီပြီ၊၊ ၁၇ ညအခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍ ငါ့အကြောတို့သည် သက်သာခြင်း မရှိရကြ၊၊ ၁၈ ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့ ငါ့ကိုဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကို စည်းလျက်နေ၏၊၊ ၁၉ ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်ကိုယ်ပြာကဲ့သို့ ဖြစ်လေပြီ၊၊ ၂၀ ကိုယ်တော်အား အကျွန်ုပ် အော်ဟစ်သော်လည်း ကြားတော်မမူ၊၊ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ၊၊ ၂၁ အကျွန်ုပ်ကို ကြမ်းတမ်းစွာ ပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏၊ ၂၂ အကျွန်ုပ်ကို ချီသွား၍၊ လေကို စီးစေသဖြင့်အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏၊၊ ၂၃ သေခြင်းသို့၎င်း၊ အသက်ရှင်သော သူခပ်သိမ်းတို့အဘို့ စီရင်သောနေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင်တော်မူမည်ဟု အကျွန်ုပ်သိပါ၏၊၊ ၂၄ ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏၊၊ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ၊၊ ၂၅ အမှုရောက်သောသူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော၊၊ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူးပြီ မဟုတ်လော၊၊ ၂၆ သို့သော်လည်း ငါသည် ကောင်းကျိုးကို မြော်လင့်သောအခါ ဘေးရောက်လာ၏၊၊ အလင်းကို တောင့်တသောအခါ မှောင်မိုက်ဖြစ်၏။ ၂၇ ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ၊ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ၊၊ ၂၈ နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏၊၊ ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။ ၂၉ မြေခွေးတို့နှင့် ညီအစ်ကိုတော်၏၊၊ ကုလားအုပ်ငှက်တို့နှင့် ပေါင်းဖေါ်ရ၏။ ၃၀ အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏၊၊ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကို သာပေးတတ်၏၊၊