ယောဘ၀တ္ထု
အခန်းကြီး ၁၂
ယောဘက သူလည်း ဉာဏ်ရှိသည်ဟုဆို
၁ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ၂ သင်တို့သာလျှင် လူဖြစ်၍ သင်တို့နှင့်အတူ ဥာဏ်ပညာ သေလိမ့်မည် ယုံမှားစရာမရှိ၊၊ ၃ သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ ဥာဏ်ရှိ၏၊၊ သင်တို့ထက် ငါယုတ်ညံ့သည် မဟုတ်၊၊ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်ဘဲ နေသနည်း၊၊ ၄ ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရအံ့သောငှါ ဆုတောင်း ပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏၊၊ အပြစ်မရှိဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည်တကား၊၊ ၅ ချော်လဲလုသောသူကို ပစ်လိုက်သော မီးခွက်ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏၊၊ ၆ ဓါးပြ လုပ်သောသူတို့၏ နေရာသည် ကောင်းစားတတ်၏၊၊ ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူတို့သည် လုံခြုံစွာနေ၍ ဘုရားသခင် ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။ ၇ သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့၊၊ သူတို့သည် ဟောပြောသွန်သင် ကြလိမ့်မည်၊၊ ၈ မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့၊၊ သူတို့သည် ပြသ၍ ဥပဒေသ ပေးကြလိမ့်မည်၊၊ ၉ ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို ထိုတိရစ္ဆာန် တကောင်မျှ မသိဘဲ နေသလော၊၊ ၁၀ အသက်ရှင်သော သတ္တဝါ အပေါင်းတို့၏ ဇိဝအသက်နှင့် လူသတ္တဝါ ခပ်သိမ်းတို့၏ ထွက်သက် ဝင်သက်သည် ဘုရားသခင့် လက်တော်၌ ရှိ၏၊၊ ၁၁ ခံတွင်းသည်အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော၊၊ ၁၂ အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏၊၊
ဘုရားသခင်သည် နှစ်သက်သလို လုပ်နိုင်
၁၃ ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။၁၄ ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ၊၊ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသော အခွင့်မရှိ၊၊ ၁၅ ရေများကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏၊၊ တဖန်လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုးကြ၏၊၊၁၆ တန်ခိုးတော်၊ ဥာဏ်တော်နှင့် ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏၊၊ ၁၇ တိုင်ပင်မှူးမတ်တို့ကို ဖမ်းဆီး သိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏၊၊ ၁၈ ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏၊၊ ၁၉ ယဇ်ပုရောဟိတ်တို့ကို ဖမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏၊၊ ၂၀ နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှ ပညာကို နှုတ်တော်မူ၏၊၊ ၂၁ မင်းသားတို့ကို အရှက်ခွဲ၍ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏၊၊ ၂၂ မှောင်မိုက်ထဲ၌ နက်နဲသော အရာတို့ကို ထင်ရှားစေ၍ သေခြင်း အရိပ်ကို အလင်းထဲသို့ ထုတ်ဖော်တော်မူ၏၊၊ ၂၃ တိုင်းနိုင်ငံတို့ကို ချီးမြှောက်၍ တဖန် ဖျက်ဆီးတော်မူ၏၊၊ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်း ငှါ၎င်း၊ ကျဉ်းစေခြင်းငှါ၎င်း ပြုတော်မူ၏၊၊ ၂၄ မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍ လမ်းမရှိသောတော၌ လှည့်လည်စေတော်မူ၏၊၊ ၂၅ သူတို့သည် အလင်းမရှိ၊၊ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏၊၊