ယောဘ၀တ္ထု
အခန်းကြီး ၁၉
၁ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ၂ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကို ချိုးဖဲ့ကြလိမ့်မည်နည်း၊၊ ၃ ဆယ်ကြိမ်မြောက်အောင် ငါ့ကို ကဲ့ရဲ့ကြပြီ၊၊ ငါ့ကို မိန်းမောတွေဝေစေခြင်းငှါ အရှက်မရှိဘဲ ပြုကြပြီ။ ၄ ငါပြစ်မှားပြီ မှန်စေတော့၊၊ ငါ့အပြစ်နှင့် ငါသာဆိုင်၏၊၊ ၅ သင်တို့သည် ငါ့အပေါ်၌ ဝါကြွား၍ ငါအရှက်ခံရသောကြောင့်၊ ငါ၌ အပြစ်တင်ကြသော်လည်း ၆ ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့၊၊ ၇ ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကို အကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်၊၊ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ၊၊ ၈ ငါမသွားနိုင်အောင် ငါ့ရှေ့မှာ အဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကို ထားတော်မူပြီ၊၊ ၉ ငါ့ဂုဏ်အသရေကို ချွတ်၍ ငါ့ခေါင်းက ပေါင်းသရဖူကို ချတော်မူပြီ၊၊ ၁၀ ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက်ကုန်ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့ ငါမြော်လင့်သော အခွင့်ကို နှုတ်တော်မူပြီ။ ၁၁ ငါ၌ အမျက်တော်ကို နှိုးဆော်၍၊ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။ ၁၂ စစ်ချီလာ၍ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏၊၊ ၁၃ ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏၊၊ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူ ဖြစ်ကြ၏၊၊ ၁၄ ငါ့ပေါက်ဖေါ်တို့သည် ငါ့ကိုစွန့်၍ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏၊၊ ၁၅ ငါ့ကျွန်မများ၊ ငါ့အိမ်သူ အိမ်သားများတို့သည် ငါ့ကို ဧည့်သည်ကဲ့သို့၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း၊ မှတ်ကြ၏၊၊ ၁၆ ငါ့ကျွန်ကို ငါခေါ်သောအခါ သူသည်မထူး၊ သူ့ကိုနှုတ်ဆက်၍ တောင်းပန်ရ၏၊၊ ၁၇ ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သားသမီးတို့သည် ငါမြည်တမ်းခြင်း အသံကို၎င်း၊ ရွံကြ၏၊၊ ၁၈ သူငယ်တို့သည်လည်း ငါ့ကို မထီမဲ့မြင်ပြု၍ ငါထသောအခါ ကဲ့ရဲ့ကြ၏၊၊ ၁၉ ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ့၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူ ဖြစ်ကြ၏၊၊ ၂၀ ငါ့အရေအသားသည် ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏၊၊ ၂၁ သွားဖုံး တခုသာပါလျက် ငါပြေးလွတ်ရ၏။ ၂၁ အိုအဆွေခင်ပွန်းတို့၊ ငါ့ကို သနားကြပါ၊၊ ငါ့ကို သနားကြပါ၊၊ ဘုရားသခင်၏ လက်တော်သည် ငါ့ကို ထိခိုက်ပါပြီ၊၊ ၂၂ ဘုရားသခင် ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း၊၊ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင့်ရဲဘဲ နေကြသနည်း၊၊
၂၃ ငါ့စကားကို ယခု ရေးမှတ်ပါစေသော်၊၊ စာရင်း၌ သွင်းထားပါစေသော်၊၊ ၂၄ ခဲပြားပေါ်မှာ ကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုးလျက် မြဲပါစေသော်၊၊ ၂၅ ငါ့ကို ရွေးနှုတ်သော သခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊ ၂၆ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏၊၊ ၂၇ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်၊၊ သူတပါး မြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်၊၊ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏၊၊ ၂၈ ယခုမှာ သင်တို့က ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း၊၊ သူ၌ အပြစ်တင်သော အခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊ ၂၉ ဓါးဘေးကို ကြောက်ကြလော့၊၊ အကြောင်းမူကား၊ အမျက်တော်သည် ဓါးဘေးဖြင့် အပြစ်ပေးတတ်၏၊၊ အပြစ်စီရင်ရသော အချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏၊၊