ယောဘ၀တ္ထု
အခန်းကြီး ၄
တေမန်အမျိုး ဧလိဖတ် ယောဘချီးမွမ်း
၁ ထိုအခါ တေမန်အမျိုးသား ဧလိဖတ် မြွက်ဆိုသည်ကား၊ ၂ ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက် ကောင်းပျက် လိမ့်မည်၊၊ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း၊၊ ၃ သင်သည် လူအများတို့ကို ဆုံးမပြီ၊၊ လက်မစွမ်းသော သူတို့ကို ခိုင်ခံ့စေပြီ၊၊ ၄ သင်၏ စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသော ဒူးကိုလည်း တည့်စေပြီ။
ဧလိဖတ် ယောဘကို အပြစ်တင်
၅ ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏၊၊ အထိအခိုက် ခံရသောကြောင့် မိန်းမော တွေဝေလျက်နေ၏၊၊ ၆ သင်၏ ရိုသေသော သဘော၊ ယုံကြည် ကိုးစားသောသဘော၊ မြော်လင့်သော သဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သော သဘောသည် အဘယ်မှာရှိသနည်း၊၊ ၇ အပြစ်နှင့် ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူ ရောက်သနည်း၊၊ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့၊၊ ၈ ငါသိမြင်သည်အတိုင်း မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏၊၊ ၉ ဘုရားသခင် မှုတ်တော်မူသဖြင့် ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏၊၊ ၁၀ ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့ အသံမြည်ခြင်း၊ ခြင်္သေ့ ကလေး ကိုက်ဝါးခြင်း ငြိမ်းရ၏၊၊ ၁၁ ဖမ်း၍ စားစရာ မရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည် သေ၍၊ ခြင်္သေ့မ၏ သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏၊၊
သေတတ်သူတို့ ဘုရားရှေ့မဖြောင့်မတ်
၁၂ တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကိုရ၍ တိုသောအသံကို ကြားရ၏၊၊ ၁၃ လူတို့သည် ကြီးစွာသော အိပ်ပျော်ခြင်းသို့ ရောက်၍ ထူးဆန်းသော ရူပါရုံ ထင်ရှားရာ ကာလညအချိန်၌ ငါအောက်မေ့စဉ်တွင် ၁၄ ငါ့အရိုးများ တုန်လှုပ်သည် တိုင်အောင် ငါအလွန် ကြောက်အားကြီး၍ ထိတ်လန့်လျက် နေ၏၊၊ ၁၅ ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်လျှောက်သွား၍ ငါသည် ကြက်သီးမွေး ညှင်းထလေ၏၊၊ ၁၆ ထိုဝိညာဉ်သည် ရပ်နေ၍ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှား အရိပ်ကိုသာ ငါမြင်ရ၏၊၊ ငြင်းသော အသံရှိ၍ ငါကြားသော စကားသံဟူမူကား၊ ၁၇ သေတတ်သော လူသည် ဘုရားသခင် ရှေ့မှာ ဖြောင့်မတ်ခြင်း ရှိရသလော၊၊ လူသတ္တဝါသည် ဖန်ဆင်းတော်မူသော အရှင် ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော၊၊ ၁၈ အမှုတော်ထမ်းတို့ကို ယုံတော်မမူ၊၊ ကောင်းကင် တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏၊၊ ၁၉ သို့ဖြစ်လျှင် မြေမှုန့်၌ တည်၍ မြေထဲတွင် နေတတ်သော သူတို့ကို အဘယ် ဆိုဘွယ်ရှိအံ့နည်း၊၊ ထိုသူတို့ကို ပိုးရွပင် နိုင်တတ်၏၊၊ ၂၀ တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏၊၊ အဘယ်သူမျှ ပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏၊၊ ၂၁ သူတို့၏ ဂုဏ်အသရေ ကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏၊၊