ယောဘ၀တ္ထု
အခန်းကြီး ၁၆
သူငယ်ချင်းများက ယောဘကို နှစ်သိမ့်သည်ထက် ပင်ပန်းစေ
၁ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ထိုသို့သော စကားများတို့ကို ငါကြားဘူးပြီ။ ၂ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသောသူ ဖြစ်ကြပါသည်တကား။ ၃ အချည်းနှီးသော စကား မကုန်နိုင်သလော။ သင်သည် စကား တုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း၊၊ ၄ သင်တို့ပြောသကဲ့သို့ ငါသည်လည်း ပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ ဖြစ်လျှင် ငါသည် သင်တို့တဘက် စကားများကိုပုံ၍ ထားနိုင်၏။ ၅ ခေါင်းကိုလည်း ခါနိုင်၏။ ထိုသို့ငါသည် မပြုဘဲ သင်တို့ကို ငါ့စကားနှင့်မစမည်။ အချည်းနှီးသော စကားကို ငါချုပ်တည်းမည်၊၊ ၆ ယခုမှာ ငါသည် ပြောသော်လည်း မသက်သာ၊ မပြောဘဲ နေလျှင်လည်း ခြားနားခြင်းမရှိ။
ယောဘကဘုရားကို အပြစ်တင်
၇ ဘုရားသခင်သည် ငါ့ကို ပင်ပန်းစေတော်မူပြီ။ ငါ့အိမ်ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။ ၈ ငါ့ကို ခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည် ငါ့တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည်လည်း ငါ့တဘက်ကထ၍၊ မျက်နှာချင်းဆိုင်လျက် သက်သေခံ၏။ ၉ အမျက်တော်သည် ငါ့ကို အပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏၊၊ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။ ၁၀ သူတပါးတို့သည် ငါ့ကို ပါးစပ်ဟကြ၏၊၊ အရှက်ခွဲ၍ ပါးကိုပုတ်ကြ၏။ ၁၁ ငါ့တဘက်ကတညီ တညွတ်တည်းစုဝေးကြ၏၊၊ ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။ ၁၂ ငါသည် ငြိမ်ဝပ်လျက် နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏၊၊ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်း ပြတ်စေခြင်းငှါ လှုပ်တော်မူ၏၊၊ ၁၃ ငါ့ကိုပစ်စရာစက်သွင်းတော်မူ၏၊၊ မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော်မရှိဘဲ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏၊၊ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။ ၁၄ ငါ့ကို အထပ်ထပ်ဆွဲဖြတ်၍ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်း တိုက်လာတော်မူ၏၊၊
ယောဘက သူ့မှာအပြစ်မရှိဟုဆို
၁၅ ငါသည် ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကိုချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။ ၁၆ ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းပေါ်မှာ သေခြင်း အရိပ်လွှမ်းမိုးလျက်ရှိ၏၊၊ ၁၇ သို့သော်လည်း ငါ့လက်၌ မတရားသောအမှုမရှိ။ ငါပြုသော ပဌနာသည်လည်း သန့်ရှင်း၏၊၊ ၁၈ အိုမြေကြီး ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်း အသံကိုသင်၌ မနေစေနှင့်၊၊ ၁၉ ဤအမှု၌ ငါသက်သေသည် ကောင်းကင် ပေါ်မှာရှိ၏၊၊ ၂၀ ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏၊၊ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင် ရှေ့တော်၌ မျက်ရည်ကျလျက် နေ၏။ ၂၁ လူသည် မိမိ အသိအကျွမ်းနှင့် ဆွေးနွေးသကဲ့သို့၊ ဘုရားသခင်နှင့် ဆွေးနွေးရသော အခွင့်ရှိပါစေသော်။ ၂၂ နှစ်ပေါင်း မကြာမြင့်မှီ တဖန်ပြန်၍ မလာရသော လမ်းသို့ ငါလိုက်သွားရတော့မည်၊၊