ယောဘ၀တ္ထု
အခန်းကြီး ၃၂
၁ ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့် ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲ နေကြ၏၊၊ ၂ ထိုအခါ ဗုဇအမျိုး အာရအနွယ်ဖြစ်သော ဗာရခေလသား ဧလိဟုသည် အမျက်ထွက်၏၊၊ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့် ယောဘကို အမျက်ထွက်၏၊၊ ၃ ယောဘ၏ အဆွေခင်ပွန်း သုံးယောက်တို့သည် ပြန်၍ မပြောနိုင်သော်လည်း ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့် သူတို့ကိုလည်း အမျက်ထွက်၏၊၊ ၄ ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့် ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက် နေ၏၊၊ ၅ ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာစကား မရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏၊၊ ၆ ထိုအခါ ဗုဇအမျိုးဗရခေလသားဧလိဟု မြွက်ဆိုသည်ကား ငါသည် အသက်ငယ်၏၊၊ သင်တို့သည် အလွန်အသက်ကြီး၏၊၊ ထို့ကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ၊၊ ၇ နေ့ရက်ကာလ တာရှည်သောသူသည် စကားပြောအပ်၏၊၊ နှစ်ပေါင်းများစွာ လွန်သောသူသည် ပညာကို သွန်သင်အပ်၏၊၊ ၈ သို့ရာတွင် လူထဲ၌ ဝိညာဉ်ရှိ၏၊၊ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏၊၊ ၉ လူကြီးတို့သည် အစဉ်ပညာရှိသည် မဟုတ်။ အသက်ကြီးသောသူ အပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။ ၁၀ သို့ဖြစ်၍ ငါ့စကားကို နားထောင် ကြလော့၊၊ ငါသည် ကိုယ်သဘောကိုလည်း ပြပါမည်၊၊
၁၁ သင်တို့စကားကို ကြားရသောအံ့သောငှါ ငါဆိုင်းလင့်ပြီ၊၊ သင်တို့သည် ပြောစရာကိုရှာဖွေ၍ ဆွေးနွေးသောစကားကို ငါနားထောင်ပြီ။ ၁၂ စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ်သူမျှ မနိုင်။ သူ၏စကားကို အဘယ်သူမျှ မချေ။ ၁၃ သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။ ၁၄ ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီမဟုတ်။ သင်တို့ပြန်ပြောသည့်အတိုင်း ငါပြန်ပြောမည်မဟုတ်။ ၁၅ ဤသူတို့သည် မိန်းမောတွေဝေလျက် ပြန်၍မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။ ၁၆ ငါဆိုင်းလင့်သည်တွင် သူတို့သည် နှုတ်မမြွက်၊ ပြန်၍ မပြောဘဲ ငြိမ်ငြိမ်နေကြ၏။ ၁၇ သို့ဖြစ်၍ ငါသည် ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ့်သဘောကိုပြမည်။ ၁၈ ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်းဝိညာဉ် နှိုးဆော်ခြင်းကို ခံရ၏။ ၁၉ ငါ့ဝမ်းသည် ပိတ်ဆို့သော စပျစ်ရည်နှင့်တူ၏။ အသစ်သော အသားရေဘူး ကွဲလုသကဲ့သို့ဖြစ်၏။ ၂၀ ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။ ၂၁ အဘယ်သူ၏ မျက်နှာကိုမျှ မထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။ ၂၂ သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကို ဖန်ဆင်းတော်မူသော ဘုရားသည် ငါ့ကို ချက်ချင်းပယ်ရှားတော်မူမည်။