-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၈


ပဋိညာဉ်သေတ္တာတော်ကို ဆောင်၍ သူ့နေရာ၌ထား

ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုး အသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုး အသီးသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း ဣသရေလ လူအပေါင်းတို့သည် ဧသနိမ်အမည်ရှိသော သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။ ဣသရေလအမျိုးတွင် အသက်ကြီးသူ အပေါင်းတို့သည် လာ၍ ယဇ်ပုရောဟိတ် တို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းလျက် ပရိသတ် စည်းဝေးရာတဲတော် တဲတော်နှင့်ဆိုင်၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။ ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလ ပရိသတ် အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိ များစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့မှာ ယဇ်ပူဇော်ကြ၏။ ယဇ်ပုရောဟိတ် တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့ သွင်း၍ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ ခေရုဗိမ် အတောင်တို့အောက် သူ့နေရာ၌ ထားကြ၏။ ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့်၍ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။ ထမ်းပိုးတို့ကို ဆွဲထားသဖြင့် ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန ဗျာဒိတ်ဌာနတော်၌သာ ထင်၍ ယနေ့တိုင်အောင် ရှိကြ၏။ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ မောရှေသည် ဟောရပ်အရပ်၌ ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြား မှတပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။


ရှောလမုန်ပြောသော မိန့်ခွန်း

၁၀ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ ထာဝရဘုရား၏ အိမ်တော်သည် မိုးတိမ်နှင့် ပြည့်၏။ ၁၁ ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်လျက် မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။ ၁၂ ရှောလမုန်ကလည်း ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟုစကားတော်ရှိ၏။ ၁၃ အကယ်စင်စစ် ကိုယ်တော် ကျိန်းဝပ်တော်မူရာအိမ် အစဉ်အမြဲ နေတော်မူရာ ဌာနတော်ကို အ​ကျွန်ုပ် တည်ဆောက်ပါပြီဟု မြွတ်ဆို၏။ ၁၄ တဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် မတ်တပ်နေကြ၏။ ၁၅ ရှင်ဘုရင်ကလည်း ထာဝရဘုရား၏ ဗျာဒိတ်တော် စကားဟူမူကား ၁၆ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာ အိမ်ကို ဆောက်စေခြင်းငှာ ဣသရေလ ခရိုင်များတို့တွင် မြို့တစုံတစ်မြို့ကို ငါမရွေးသေးသော်လည်း ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော် ဒါဝိဒ်အား ဗျာဒိတ်တော် ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ၁၇ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှာ ငါ့ခမည်းတော် ဒါဝိဒ်သည် အကြံရှိသောအခါ၊ ၁၈ ထာဝရဘုရားက သင်သည် ငါ့နာမအဖို့ အိမ်တော်တည် ဆောက်ခြင်းငှာ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။ ၁၉ သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။ ၂၀ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့် ငါသည် ငါ့ခမည်းတော် ဒါဝိဒ်၏ အရိပ်အရာကို ခံရ၍ ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်လေပြီ။ ၂၁ ငါတို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ထာဝရဘုရား နှုတ်ဆောင်သောအခါ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာတော် ထားရာအရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွတ်ဆို၏။


ရှောလမုန် ဗိမာန်တော်ဆက်ကပ် ဆုတောင်း

၂၂ တဖန် ရှောလမုန်သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာနေ၍ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက် ၂၃ အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အထက်ကောင်းကင်ဘုံနှင့် အောက်အရပ် မြေကြီးပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတစ်ဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။ ၂၄ အ​ကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို မဖျက် မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော်မူပြီ။ ၂၅ အိုဣသရေလမျိုး၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်က သင်သည် ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ မိမိတို့သွားရာလမ်းကို သတိပြုလျှင် ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုး မင်းရိုး မပြတ်ရဟု ကိုယ်တော်ကျွန် အ​ကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော်မူပါ။ ၂၆ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်ကျွန် အ​ကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခု ပြည့်စုံစေတော်မူပါ။ ၂၇ သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍ အ​ကျွန်ုပ် တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။ ၂၈ သို့သော်လည်း အိုအ​ကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ကိုယ်တော်​ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။ ၂၉ ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ် ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ ၃၀ ကိုယ်တော်​ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည်၊ ဤအရပ်ဌာန၌ ဆုတောင်းပဌနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။


အိမ်နီးချင်းကိုပြစ်မှားလျှင်

၃၁ လူသည် မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့် အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက် ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင် ၃၂ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှါ၎င်း၊ ​ဖြောင့်မတ်သောသူသည် မိမိ​ဖြောင့်မတ်ခြင်းနှင့် အလျောက် အကျိုးကိုခံရ၍ အပြစ်မှ လွတ်စေခြင်းငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။


ကိုယ်တော်ကို ပြစ်မှားလျှင်

၃၃ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ ကိုယ်တော်ထံသို့ပြန်လာ၍ နာမတော်ကို ဝန်ခံလျက် ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းပဌနာပြုလျှင်၊ ၃၄ ကောင်းကင်ဘုံ၌ နားထောင်၍ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့ကို အပြစ်မှ လွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန်ပို့ဆောင်တော်မူပါ။


အပြစ်ကြောင့် မိုးခေါင်လျှင်

၃၅ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုးခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော်မူသောအခါ သူတို့သည် ဤအရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍ နာမတော်ကို ဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင် ၃၆ ကောင်းကင်ဘုံ၌ နားထောင်၍ ကိုယ်တော်၏​ကျွန် ကိုယ်တော်၏လူ ဣသရေလ အမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။


ပြည်တော်၌ အစာခေါင်းပါးလျှင်
CROSS REFERENCES






၃၇ ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပါဒ်၊ အနာရောဂါ တစုံတရာ ရောက်သောအခါ၊ ၃၈ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကို သိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာစကားအားဖြင့် ဆုတောင်းလျှင်၊ ၃၉ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ၄၀ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံး ကိုယ်တော်ကို ကြောက်ရွံ့ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါ အပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည် ဖြစ်၍၊ [A] ဆုတောင်းသော သူတို့၏ စိတ်နှလုံးသဘောကို သိလျက်၊ သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင်တော်မူပါ။


တစ်ပါးအမျိုးသားတို့၏ ဆုတောင်းခြင်း

၄၁ ကိုယ်တော်၏လူ ဣသရေလအမျိုး မဟုတ်၊ ၄၂ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သတင်းနှင့် တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော်၏သတင်းကို ကြားသောကြောင့်၊ နာမတော်ကို ထောက်သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊ ၄၃ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသား အပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှါ၎င်း၊ အ​ကျွန်ုပ် တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေခြင်းငှါ၎င်း၊ ထိုတစ်ပါး အမျိုးသားတို့သည်၊ ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။


ရန်သူရှိရာသို့ စစ်ချီသောအခါ

၄၄ ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အ​ကျွန်ုပ်တည်ဆောက်သော အိမ်တော်ကိုမှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊ ၄၅ သူတို့ ဆုတောင်း ပဌနာပြုသောစကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။


အပြစ်ကြောင့် ရန်သူသိမ်းခြင်းခံသောအခါ
CROSS REFERENCES






၄၆ မပြစ်မှားတတ်သော လူတစ်ယောက်မျှ မရှိသည်ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊ ၄၇ ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အ​ကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မ​ဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီ၊ ဟုစိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊ ၄၈ သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အ​ကျွန်ုပ် တည်ဆောက်သော အိမ်တော်ကိုမှီခိုလျက် ဆုတောင်းလျှင်၎င်း၊ ၄၉ သူတို့ ဆုတောင်း ပဌနာပြုသောစကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ၅၀ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှား လွန်ကျူးခြင်း အပြစ်အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသောသူတို့သည် ကိုယ်တော်၏ လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာစိတ် သဘောကို ပေးတော်မူပါ။ ၅၁ အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည် သံမီးဖို [B] ထဲက နှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။ ၅၂ ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလ အမျိုးသား ဆုတောင်း ပဌနာ ပြုသော စကားအလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူတော်မူပါ။ ၅၃ အကြောင်းမူကား၊ အ​ကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ကျွန် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးတို့ကို ကိုယ်တော် အမွေခံရာဖြစ်စေခြင်းငှါ၊ မြေကြီးသား အမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူပြီ အရှင်ထာဝရဘုရား၊ ဟုပဌနာပြုလေ၏။


ရှောလမုန်မှ ပရိသတ်ကို ကောင်းကြီးပေး

၅၄ ထိုသို့ ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက် နေရာမှထ၍၊ ၅၅ မတ်တတ်နေပြီးလျှင်၊ ဣသရေလ အမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီး ပေးသော စကားဟူမူကား၊ ၅၆ ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလ အမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ​ကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တစ်ခွန်းမျှမပျက်၊ ၅၇ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့် အတူရှိတော်မူသည် နည်းတူ၊ ငါတို့နှင့်အတူ ရှိတော်မူပါစေသော်။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။ ၅၈ လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့ စိတ်နှလုံးကို အထံတော်သို့ သွေးဆောင် တော်မူပါစေသော်။ ၅၉ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတစ်ပါးသော ဘုရားသခင် မရှိကြောင်းကို၎င်း၊ မြေကြီးသား အပေါင်းတို့သည် သိကြမည်အကြောင်း ၆၀ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် မိမိ​ကျွန်နှင့် မိမိလူ ဣသရေလ အမျိုးသားတို့၏ အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ် စောင့်တော်မူစေခြင်းငှါ ထာဝရဘုရား ရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညမပြတ် အနီးတော်၌ ရှိပါစေသော်။ ၆၁ သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံး စုံလင်ပါစေသော်၊ ဟုမြွက်ဆိုလေ၏။


အိမ်တော်ကို အနုမောဒနာပြု

၆၂ ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။ ၆၃ နွားနှစ်သောင်း နှစ်ထောင်၊ သိုးတစ်သိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။ ၆၄ ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာ ရှိသော တန်တိုင်း အတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မိဿဟာယယဇ် ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရှိသော​ကြေးဝါ ယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယယဇ် ကောင်ဆီဥကို မခံလောက်။ ၆၅ ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝ မှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်က လာကြသော၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့် တကွ၊ ငါတို့ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တစ်ဆယ့် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။ ၆၆ ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီးပေးလျက်၊ ထာဝရဘုရားသည် မိမိ​ကျွန် ဒါဝိဒ်နှင့် မိမိလူ ဣသရေလ အမျိုးသားတို့၌ ပြုတော်မူသော ကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။

_________________________
Footnotes




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.