-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၆


ဗာရှာမင်းသေ

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သား ယေဟုသို့ ရောက်လာသည်ကား၊ သင့်ကိုမြေမှုန့်ထဲက ငါကြွ၍၊ ငါ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏ လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊ သင်၏ အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရောဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။ ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်ကင် ငှက်စားလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ဗာရှာပြုမူသော အမှုအရာ ကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်း အရာသည်၊ ဣသရေလရာ ဇဝင်၌ ရေးထားလျက်ရှိ၏။ ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုလ်ခြင်းကိုခံလေ၏။ သားတော် ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ဗာရှာသားဧလာ နှစ်နှစ်မင်းပြု၍ အသတ်ခံ

ဗာရှာသည် ယေရောဗောင် အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သား ယေဟုအားဖြင့် ရောက်လာသည်နှင့် အညီ၊ ယုဒရှင်ဘုရင် အာသ နန်းစံ နှစ်ဆယ်​ခြောက်နှစ်တွင်၊ ဗာရှာသား ဧလာသည် တိရဇမြို့၌နေ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊ ရထားစီးသူရဲ တဝက်ကို အုပ်သောသူ၊ မိမိ​ကျွန် ဇိမရိသည် သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော်အုပ် အာဇ၏အိမ်၌ ယစ်မူးအောင် သောက်လျက် နေစဉ်အခါ၊ ၁၀ ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသ နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။ ၁၁ နန်းထိုင်စက၊ ဗာရှာအမျိုးသား အပေါင်းတို့ကို သတ်၏။ ဗာရှာနှင့် ပေါက်ဖေါ်တော်သော ယောကျ်ား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှ မချန်မထား။ ၁၂ ထာဝရ ဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက် ယေဟုအားဖြင့် မိန့်တော်မူသော စကားတော်နှင့်အညီ၊ ဇိမရိသည် ဗာရှာ အမျိုးသား အပေါင်းတို့ကို ဖျက်ဆီး၏။ ၁၃ အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင် ပြစ်မှားစေသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်းပြစ်မှားစေသောအပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း၊ ၁၄ ဧလာပြုမူသော အမှုအရာ ကြွင်းသမျှတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။


ဇိမရိခုနစ်ရက်စိုးစံ

၁၅ ယုဒရှင်ဘုရင် အာသ နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။ ၁၆ ထိုသို့ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်၊ ဟုဖိလိတ္တိ ပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်း ဩမရိကို ဣသရေလ ရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။ ၁၇ ဩမရိသည် ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ ဂိဗေသုန်မြို့မှ ထွက်၍၊ တိရဇမြို့ကို ဝိုင်းထားကြ၏။ ၁၈ မြို့ကိုတိုက်၍ရမည်၊ ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကိုမီးရှို့သဖြင့် ကိုယ်တိုင်သေလေ၏။ ၁၉ အကြောင်းမူကား၊ ယေရောဗောင် လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့လိုက်၍၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသောအကြောင်းတည်း။ ၂၀ ဇိမရိပြုမူသော အမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။


ဩမရိနန်းထိုင်၍ ရှမရိမြို့တည်

၂၁ ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သား တိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။ ၂၂ ဩမရိနောက်သို့ လိုက်သောသူတို့သည် ဂိနတ်၏သား တိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။ ၂၃ ယုဒရှင်ဘုရင် အာသ နန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလ နိုင်ငံကို တဆယ်နှစ်နှစ် စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊ ၂၄ ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့်ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ဟူ၍ သမုတ်လေ၏။ ၂၅ ဩမရိသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းထက်သာ၍ ဆိုးညစ်၏။ ၂၆ နေဗတ်၏သား ယေရောဗောင် လိုက်သောလမ်း၊ ဣသရေလ အမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။ ၂၇ ဩမရိပြုမူသော အမှုအရာ ကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၈ ဩမရိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် အာဟပ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ဩမရိသားအာဟပ်နန်းစံ

၂၉ ယုဒရှင်ဘုရင် အားသ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသား အာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်နှစ် နှစ်စိုးစံ၏။ ၃၀ ဩမရိသား အာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ထာဝရဘုရား ရှေ့တော်၌ သာ၍ ဒုစရိုက်ကိုပြု၏။ ၃၁ နေဗတ်၏သား ယေရောဗောင် ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာ လိုက်လျှင်၊ သာမည အပြစ်ရောက်မည်၊ ဟုထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့် စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။ ၃၂ ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။ ၃၃ အာရှရပင် (a) ကိုလည်း ပြုစု၍၊ မိမိရှေ့ မည်ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင် အပေါင်းတို့ထက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါသာ၍ ပြု၏။ ၃၄ အာဟပ်လက်ထက်၌ ဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သား ယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့်အညီ၊ သားဦး အဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကို တည်၍၊ သားထွေး စေဂုပ်လက်ထက်၌ မြို့တံခါးတို့ ကိုထောင်၏။ [A]

_________________________
Footnotes


၃၃ (a) အာရှရပင်ဆိုသည်မှာ ဟေဗြဲစကား הָאֲשֵׁרָ֑ה အင်္ဂလိပ်လို hā·’ă·šê·rāh သစ်သားရုပ်တုဖြင့် ပြုလုပ်သော မိန်းမဘုရားဖြစ်သည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.