-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၂၂


ယောရှဖတ်သည် ဣသရေလရှင်ဘုရင်နှင့် ဂိလဒ်ပြည်တိုက် [A]

ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲ သုံးနှစ်နေပြီးမှ၊ တတိယနှစ်တွင် ယုဒရှင်ဘုရင် ယောရှဖတ်သည် ဣသရေလ ရှင်ဘုရင်ထံသို့ လာ၏။ ဣသရေလ ရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင် လက်မှမနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကား၊ ဟုမိမိ​ကျွန်တို့အားဆို၏။ ယောရှဖတ် မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လော၊ ဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း၊ ဖြစ်ကြသည်၊ ဟုဣသရေလ ရှင်ဘုရင်အား ပြန်ပြော၏။


အာဟပ်မင်းက ပရောဖက်လေးရာမေး

တဖန် ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့၊ ဟုဣသရေလ ရှင်ဘုရင်အား ဆိုသော်၊ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုလျှောက်ကြ၏။ ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံတပါးမျှ မရှိသလော၊ ဟုမေးသော်၊ ဣသရေလ ရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသောသူ တယောက် ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်၊ ဟုယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့ မင်းကြီးမပြောပါနှင့်၊ ဟုပြန်ဆို၏။


ထာ၀ရဘုရား၏ ပရောဖက်မိက္ခာကိုခေါ်

ထိုအခါ၊ ဣသရေလ ရှင်ဘုရင်သည် အရာရှိတယောက်ကို ခေါ်၍၊ ဣမလသား မိက္ခာကို အလျှင်အမြန်းခေါ် ခဲ့၊ ဟုမိန့်တော်မူ၏။ ၁၀ ဣသရေလ ရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာ ထိုင်၍၊ ပရောဖက် အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ ၁၁ ခေနာနာသား ဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိလူတို့ကို မဖျက်ဆီးမှီတိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၁၂ ပရောဖက် အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုပရောဖက်ပြု၍ ဟောကြ၏။ ၁၃ မိက္ခာကို ခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါ၊ ဟုဆိုလျှင်၊ ၁၄ မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ထာဝရဘုရား မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်၊ ဟုဆို၏။


အာဟပ်ဆုံးမည့်အကြောင်း မိက္ခာဟော
CROSS REFERENCES






၁၅ ရှင်ဘုရင်ထံသို့ ရောက်သောအခါ၊ ရှင်ဘုရင်က အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့အပ်တော်မူမည်၊ ဟုပြန်လျှောက်၏။ ၁၆ ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး၊ အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့အားမဟောမည့် အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်း၊ ဟုမေးသော်၊ ၁၇ မိက္ခာက၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် သိုးထိန်းမရှိသော သိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်၊ အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေ၊ ဟုမိန့်တော်မူကြောင်းကို လျှောက်ဆို၏။ ၁၈ ဣသရေလ ရှင်ဘုရင်ကလည်း၊ သူသည် ငါ၌မင်္ဂလာစကားကို မဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်၊ ဟုမင်းကြီးအား ငါမပြောသလော၊ ဟုရှောရှဖတ်အားဆို၏။ ၁၉ မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်​ခြေ အပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။ [B] ၂၀ ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှါ၊ အဘယ်သူ သွေးဆောင်မည်နည်း၊ ဟုမေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီ ပြန်လျှောက်ကြ၏။ ၂၁ တဖန် ဝိညာဉ်တပါးသည် လာ၍၊ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အ​ကျွန်ုပ် သွေးဆောင်ပါမည်၊ ဟုလျှောက်လျှင်၊ ၂၂ ထာဝရဘုရားက အဘယ်သို့ သွေးဆောင်မည်နည်း၊ ဟုမေးတော်မူသော်၊ အ​ကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်းတို့အထဲမှာ မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်၊ ဟုပြန်လျှောက်သော်၊ သင်သည် သွေးဆောင် ၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့၊ ဟုမိန့်တော်မူ၏။ ၂၃ သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီ၊ ဟုဟောလေ၏။


မိက္ခာပါးကိုရိုက်

၂၄ ထိုအခါ ခေနာနာ၏သား ဇေဒကိသည် ချဉ်းလာ၍၊ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့် နှုတ်ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်း၊ ဟုမေးလျှင်၊ ၂၅ မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်၊ ဟုဆို၏။


မက္ခာကိုထောင်ချ

၂၆ ဣသရေလ ရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော် ယောရှထံသို့ ယူသွား၍၊ ၂၇ ဤသူကို ထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စားသောက်စေ၊ ဟုအမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့၊ ဟုစီရင်၏။ ၂၈ မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အား ဖြင့်မိန့်တော်မမူ၊ အိုလူများ အပေါင်းတို့ နားထောင်ကြလော့၊ ဟုဆို၏။


ရှိုရိရှင်ဘုရင်က အာဟပ်ကိုသာ တိုက်ခိုင်း

၂၉ ထိုသို့ ဣသရေလ ရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကြ၏။ ၃၀ ဣသရေလ ရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊ မင်းမြောက် တန်ဆာကို ဝတ်ဆင်ပါလော့၊ ဟုယောရှဖတ်အား ဆိုပြီးမှ၊ ဣသရေလ ရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက်၊ စစ်ပွဲထဲသို့ဝင်၏။ ၃၁ ရှုရိရှင်ဘုရင်က၊ ဣသရေလ ရှင်ဘုရင်မှတပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်၊ ဟုရထားစီးသူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကို မှာထားနှင့်သောကြောင့်၊ ၃၂ ရထားစီးသူရဲအုပ် ဗိုလ်မင်းတို့သည် ယောရှဖတ်ကို မြင်သောအခါ၊ အကယ်စင်စစ် ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ်လိမ့်မည်၊ ဟုဆိုလျက် သူ့ကိုတိုက်အံ့သောငှါ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော် လေ၏။ ၃၃ ဣသရေလ ရှင်ဘုရင် မဟုတ်ကြောင်းကို ရထားစီး သူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။


အာဟပ်သေ

၃၄ လူတယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလ ရှင်ဘုရင်ကို သံချပ်အင်္ကျီ အဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်၊ ဟုမိမိရထားတော်ထိန်း ကိုဆို၏။ ၃၅ ထိုနေ့၌ တိုး၍တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူ တဘက်တချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှ အသွေးသည် ရထားထဲသို့ယို၏။ ၃၆ လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြ၊ ဟုနေဝင်သောအခါ တတပ်လုံးကို ကြွေးကြော်လေ၏။ ၃၇ ထိုသို့ ရှင်ဘုရင်သေ၍၊ ရှမာရိမြို့သို့ ရောက်သဖြင့် သင်္ဂြိုလ်ခြင်းကို ခံရ၏။ ၃၈ ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ဆေးသဖြင့်၊ ထာဝရဘုရား မိန့်တော်မူသော စကားနှင့်အညီ၊ ခွေးတို့သည် အသွေးကို လျက်ကြ၏။ ၃၉ အာဟပ်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသော မြို့တို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၄၀ အာဟပ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော် အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ယုဒပြည်၌ အာသသားယောရှဖတ်နန်းစံ

၄၁ ဣသရေလရှင်ဘုရင်အာဟပ်နန်းစံလေးနှစ်တွင်၊ အာသသားယောရှဖတ်သည်အသက်သုံးဆယ်ငါးနှစ်ရှိသောယုဒနိုင်ငံကို အစိုးရ၍၊ ၄၂ ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကားရှိလဟိသမီးအဇုဘအမည်ရှိ၏။ ၄၃ ထိုမင်းသည်ခမည်းတော်အာသလိုက်သောလမ်းကိုမလွဲ၊ အကုန်အစင်လိုက်၍ထာဝရဘုရားရှေ့တော်၌ ​ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။ သို့ရာတွင်မြင့်သောအရပ်တို့ကိုမပယ်ရှားသောကြောင့်၊ လူတို့သည်ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။ ၄၄ ယောရှဖတ်မင်းသည်ဣသရေလရှင်ဘုရင်နှင့်စစ်မတိုက်၊ မိဿဟာယဖွဲ့လေ၏။ ၄၅ ယောရှဖတ်ပြုမူသောအမှုအ ရာကြွင်းလေသမျှတို့နှင့်တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည်ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၄၆ ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေးသောယောက်ျားအလိုသို့လိုက်တတ်သောမိန်းမလျာတို့ကိုပြည်တော်မှသုတ်သင်ပယ်ရှင်းလေ၏။ ၄၇ ထိုကာလ၊ ဧဒုန်ပြည်၌ ရှင်ဘုရှင်မရှိ။ ယုဒရှင်ဘုရင်ခန့်ထားသောမြို့ဝန်မင်းစီရင်ရ၏။ ၄၈ ယောရှဖတ်သည်ဩဖိရပြည်သို့စေလွှတ်၍၊ ရွှေကိုယူစေခြင်းငှါတာရှုသင်္ဘောတို့ကိုဧဇယုန်ဂါဗာမြို့မှာတည်၏။ ၄၉ အာဟပ်သားအာခဇိက၊ ငါ့ကျွန်တို့သည်မင်းကြီး​ကျွန်တို့နှင့်သင်္ဘောစီးပါစေ၊ ဟုယောရှဖတ်၌ အခွင့်တောင်း၍ယောရှဖတ်သည်အခွင့်ပေး၏။ သို့သော်လည်းသင်္ဘောတို့သည်ဧဇယုန်ဂါဗာမြို့မှာကျိုးပဲ့သောကြောင့်၊ ဩဖိရမြို့သို့မသွားရ။ ၅၀ ယောရှဖတ် သည်ဘိုးဘေးတို့နှင့်အိပ် ပျော်၍သူတို့နှင့်အတူအဘဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည်ခမည်းတော်အရာ၌ နန်းထိုင်၏။


အာဟပ်သားအာခဇီရှမာရိမြို့၌ နန်းစံ

၅၁ ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ခုနစ်နှစ်တွင်၊ အာဟပ်သားအာခဇိသည်ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလနိုင်ငံကိုနှစ်နှစ်စိုးစံ၏။ ၅၂ ထိုမင်းသည်ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေလအမျိုးကိုပြစ်မှားစေသော၊ နေဗတ်၏သားယေရောဗောင်လိုက်သောလမ်းသို့လိုက်လေ၏။ ၅၃ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်းဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်သတည်း။

ဓမ္မရာဇဝင်တတိယစောင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.