-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၂


ဒါဝိဒ်ကသား ရှောလမုန်ကို ဘုရားလမ်းလိုက်ဖို့ မှာကြား
CROSS REFERENCES






ဒါဝိဒ်သည် အနိစ္စရောက်ရသော အချိန်နီးသောအခါ သားတော် ရှောလမုန်ကို ပညတ်ထားတော်မူသည်ကား မြေကြီးသား အပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍ အားယူလော့။ ယောကျ်ား၏ ဂုဏ်သတ္တိရှိလော့။ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသည်ကား သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါရှေ့မှာ သမ္မာတရား [A] ၌ ကျင်လည်ခြင်းငှာ မိမိတို့ သွားရာလမ်းကို သတိပြုလျှင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုး မင်းရိုး မပြတ်ရာဟု မိန့်တော်မူသော စကားတော်တည်၍ သင်သည် ပြုလေရာရာ သွားလေရာရာ၌ အောင်မြင်မည်အကြောင်း သင်၏ ဘုရားသခင် ထာဝရဘုရား၏ လမ်းတော်သို့လိုက်၍ မောရှေ၏ ပညတ္တိကျမ်း၌ ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက်စေခြင်းငှာ မှာထားတော်မူသော စကားကို နားထောင်လော့။


ဒါဝိဒ်မင်းသည် ယွာဘ၊ ဗာဇိလဲနှင့် ရှိမိတို့နှင့် ဆိုင်သော အမှာစကား

ဇေရုယာသား ယွာဘသည် ငါ၌ ပြုသောအမှု၊ ဣသရေလ ဗိုလ်ချုပ်နှစ်ပါး နေရ၏သား အာဗနာ၊ ယေသာ၏သား အာမသ၌ ပြုသော အမှုတည်းဟူသော သူတို့ကိုသတ်၍ စစ်မတိုက်ဘဲ၊ စစ်အသွေးကို သွန်းလောင်းသဖြင့်၊ မိမိဝတ်သော ခါးစည်း၊ မိမိနင်းသော ခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊ သင်၌ ပညာရှိသည် အတိုင်း စီရင်လျက်၊ ဆံပင်ဖြူသော ထိုသူ၏ ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။ [B] ဂိလဒ်ပြည်သား ဗာဇိလဲ၏ သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသော လူစုထဲသို့ ဝင်စေလော့။ သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သော ကျေးဇူးကိုပြု၍ ငါ့ထံသို့လာကြ၏။ ငါသည် မဟာနိမ်မြို့သို့ သွားသောနေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုး ဗာဟုရိမ်ရွာသား၊ ဂေရ၏သား ရှိမိသည် သင့်လက်၌ရှိ၏။ သူသည် ငါ့ကို ခရီးဦးကြို ပြုအံ့သောငှာ ယော်ဒန်မြစ်နားသို့ လာသောအခါ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း ထိုသူကို အပြစ်မရှိသောသူ ကဲ့သို့ မမှတ်ရဘဲ သင်သည် လိမ္မာသောသူ ဖြစ်၍ သူ၌ အဘယ်သို့ စီရင်သင့်သည်ကို သိသည်နှင့်အညီ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊ [C]


ဒါဝိဒ်မင်းသေ

၁၀ ဒါဝိဒ်သည် ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံတော်မူ၏။ ၁၁ ဟေဗြုန်မြို့၌ ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံးဆယ့်သုံးနှစ် မင်းပြု၍၊ ဣသရေလနိုင်ငံကို အနှစ်လေးဆယ် စိုးစံတော်မူ၏။ ၁၂ ရှောလမုန်သည် ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။


အဒေါနိယက ရှောလမုန်ထံ အဘိရှက်ကို တောင်း

၁၃ ထို့နောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော် ဗာသရှေဘထံသို့ သွား၍၊ ဗာသရှေဘက သင်သည် မိတ်ဆွေဖွဲ့လျက် လာသလောဟု မေးလျှင် မိတ်ဆွေ ဖွဲ့လျက် လာပါ၏။ ၁၄ ပြောစရာ တစ်စုံတခု ရှိပါသည်ဟု ဆိုသော် မယ်တော်က ပြောပါဟု ပြန်ဆို၏။ ၁၅ အဒေါနိယကလည်း နိုင်ငံတော်သည် ​ကျွန်ုပ်လက်သို့ ရောက်သည်ကို၎င်း၊ ဣသရေလ အမျိုးသား ပေါင်းတို့သည်​ ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ် ချီးမြှောက်ချင်သည် အကြောင်းကို၎င်း၊ မယ်တော်သိပါ၏။ သို့သော်လည်း နိုင်ငံတော်သည် ကျွန်ုပ်လက်မှလွှဲ၍ ညီတော်လက်သို့ ရောက်ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။ ၁၆ ယခုမှာ တစ်စုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟု ဆိုလျှင် မယ်တော်က ပြောပါဟု ဆို၏။ ၁၇ သူကလည်း ရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို​ ကျွန်ုပ်အား ပေးစားတော်မူမည် အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော်မမူနိုင်ဟု ဆိုလေသော် ၁၈ ဗာသရှေဘက ကောင်းပြီ။ သင့်အဖို့ နားတော် လျှောက်မည်ဟု ဆိုပြီးမှ အဒေါနိယအဖို့ နားတော် လျှောက်အံ့သောငှာ ရှောလမုန်မင်းကြီး ထံတော်သို့ သွား၏။


ရှောလမုန်က အဒေါနိယကိုသတ်

၁၉ ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှာ ထ၍ ဦးချပြီးမှ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ မယ်တော် ထိုင်စရာဖို့ စီရင်၍ သူသည် လက်ယာတော်ဘက်မှာ ထိုင်လေ၏။ ၂၀ ထိုအခါ မယ်တော်က ငယ်သောဆု တစ်စုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင် ရှင်ဘုရင်က မိခင်တောင်းပါ ​ကျွန်ုပ်မငြင်းပါဟု မိန့်တော်မူ၏။ ၂၁ မယ်တော်ကလည်း ရှုနင်မြို့သူ အဘိရှက်ကို နောင်တော် အဒေါနိယအား ပေးစားတော်မူပါဟု တောင်းလေသော်၊ ၂၂ ရှောလမုန်မင်းကြီးက အဒေါနိယအဖို့ ရှုနင်မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရသနည်း။ နိုင်ငံတော်ကိုလည်း သူအဖို့ တောင်းပါလော့။ သူသည် ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့် ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏သား ယွာဘအဖို့ တောင်းပါလော့ဟု မယ်တော်အား ပြန်ပြောပြီးမှ ၂၃ တဖန် အဒေါနိယသည် ထိုသို့တောင်းသော် မိမိအသက် သေစေခြင်းငှာ မတောင်းမိလျှင် ဘုရားသခင်သည် ငါ့အား ထိုမျှမက ပြုတော်မူစေသတည်း။ ၂၄ ငါ့ကိုမြဲမြံစေသဖြင့် ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ ကတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း အဒေါနိယသည် ယနေ့အသေခံရမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုပြီးမှ ၂၅ ယောယဒသား ဗေနာယကို စေလွှတ်၍ အဒေါနိယကို သေအောင်လုပ် ကြံလေ၏။


ရှောလမုန်က အဗျာသာကို ယဇ်ပုရောဟိတ် အဖြစ်မှ နှင်ထုတ်

၂၆ ယဇ်ပုရောဟိတ် အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ ငါ့ခမည်းတော် ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။ ၂၇ ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်းပြု၍ ရှိလော၌ မိန့်တော်မူသော စကားပြည့်စုံမည်အကြောင်း ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ် မဖြစ်စေခြင်းငှာ နှင်ထုတ်တော်မူ၏။


စစ်ဗိုလ်ချုပ် ယွာဘကိုသတ်

၂၈ ယွာဘမူကား အဗရှလုံနောက်သို့ မလိုက်သော်လည်း အဒေါနိယ နောက်သို့ လိုက်သောသူဖြစ်၍ ထိုသတင်းကို ကြားသောအခါ ထာဝရဘုရား၏ တဲတော်သို့ပြေး၍ ယဇ်ပလ္လင် ဦးချိုတို့ကို ကိုင်လျက်နေ၏။ ၂၉ ယွာဘသည် ထာဝရဘုရား ၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာ ရှိပါသည်၊ ဟုရှောလမုန်မင်းကြီးအား လျှောက်သောအခါ ယွာဘကို လုပ်ကြံလော့၊ ဟုယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။ ၃၀ ဗေနာယသည် ထာဝရဘုရား၏ တဲတော်သို့သွား၍ ရှင်ဘုရင် ခေါ်တော်မူသည်၊ ဟုဆိုလျှင် ယွာဘက ငါမသွား ဤအရပ်မှာ အသေခံမည်၊ ဟုဆို၏။ ဗေနာယကလည်း ယွာဘသည် ဤသို့ပြန်ပြောပါ၏၊ ဟုနားတော် လျှောက်လေသော် ၃၁ ရှင်ဘုရင်က အပြစ်မရှိသောသူ၏ အသက်ကို ယွာဘသတ်သော အပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်း ပြုလော့။ သူ့ကိုလုပ်ကြံ၍ သင်္ဂြိုလ်လော့။ ၃၂ သူသည် မိမိထက်သာ၍​ ဖြောင့်မတ် ကောင်းမြတ်သောသူ၊ ဣသရေလ ဗိုလ်ချူပ်နေရ၏သား အာဗနာနှင့် ယုဒဗိုလ်ချုပ် ယေသာ၏သား အာမသကို ငါ့ခမည်းတော် ဒါဝိဒ်မသိဘဲ တိုက်၍ ဓားနှင့်သတ်သော အပြစ်ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက်စေတော်မူမည်။ ၃၃ ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေ၊ ဟုမိန့်တော်မူသည် အတိုင်း ၃၄ ယောယဒသား ဗေနာယသည် သွားပြီးလျှင် ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘ နေရာအိမ်၌ သင်္ဂြိုလ်လေ၏။ ၃၅ ဗိုလ်ချုပ် ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း၊ ရှင်ဘုရင် ခန့်ထားတော်မူ၏။


ရှောလမုန်သည် ရှိမိကိုသတ်

၃၆ တဖန် ရှင်ဘုရင်သည် ရှိမိကိုခေါ်ပြီးလျှင် သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရမည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကိုမျှ မသွားနှင့်။ ၃၇ မြို့ပြင်သို့ထွက်၍ ကေ​ဒြုန်ချောင်းကို ကူးလျှင် ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်၊ ဟုသတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေ၊ ဟုမိန့်တော်မူသော် ၃၈ ရှိမိက အမိန့်တော် ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန် ပြုပါမည်၊ ဟုပြန်လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာ နေလေ၏။ ၃၉ သို့ရာတွင် သုံးနှစ်လွန်သောအခါ ရှိမိ၏ ကျွန်နှစ်ယောက်တို့သည် ဂါသမင်းကြီး မာခါသား အာခိတ်ထံသို့ ပြေး၍ ဂါသမြို့၌ ရှိကြောင်းကို ရှိမိသည် ကြားလေသော်၊ ၄၀ ထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် ​ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍​ ကျွန်တို့ကို ခေါ်လေ၏။ ၄၁ ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြားလေသော် ၄၂ ရှိမိကိုခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ထွက်၍ အခြားတပါးသော အရပ်သို့သွားလျှင် သွားသောနေ့၌ အသေသတ်ခြင်း အမှန်ခံရမည်ကို သတိနှင့်မှတ်လော့၊ ဟုထာဝရဘုရားကို တိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည် မဟုတ်လော။ သင်ကလည်း ​ကျွန်တော် ကြားရသော အမိန့်တော် ကောင်းပါသည်၊ ဟုဝန်ခံသည် မဟုတ်လော။ ၄၃ သို့ဖြစ်၍ ထာဝရဘုရား၏ သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ အဘယ်ကြောင့် မစောင့်သနည်း၊ ဟုမိန့်တော်မူပြီးမှ၊ ၄၄ တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော် ဒါဝိဒ်၌ ပြုဖူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။ ၄၅ ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ တည်ပါစေသတည်း၊ ဟုမိန့်တော်မူပြီးလျှင် ၄၆ ယောယဒသား ဗေနာယသည် အမိန့်တော်ကိုခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကို သေအောင် လုပ်ကြံလေ၏။ ထိုသို့ နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.