-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၇


ရှောလမုန် နန်းတော်ဆောက်

တဖန်ရှောလမုန်သည် တစ်ဆယ့် သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက်၍ လက်စသတ်လေ၏။ နန်းတော်ကို လေဗနုန် တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင် တစ်ရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင် သုံးဆယ်ရှိ၏။ အာရဇ်တိုင်လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။ တိုင်တစ်စဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင်ပေါင်း​ခြောက်ဆယ် အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့် မိုးလေ၏။ အလင်းဝင်စရာ ပြတင်းပေါက် သုံးတန်းစီ အဆင့်ဆင့် မျက်နှာချင်း ဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။ တံခါးပေါက်ရှိသမျှ တံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။ တိုင်များ၊ ထုပ်ကြီးများနှင့် ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင် သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ၏။ တရားစီရင်ရာ ကနားပြင် (hall) တည်းဟူသော တရားပလ္လင် တည်ရာ ကနားပြင်ကိုလည်း လုပ်၍ ကြမ်းတဘက်မှ တဘက် တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့် မိုးလေ၏။ နန်းတော်နှင့်ဆိုင်သော ထိုကနားပြင် နှစ်ဆောင်စပ်ကြားမှာ တန်တိုင်းလည်းရှိ၏။ ရှောလမုန်စုံဘက်သော ဖာရောဘုရင်၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့် တူအောင် ဆောက်လေ၏။ တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ် ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံးလွှနှင့် တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ ၁၀ အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်ကြီးတို့ဖြင့် ပြီး၏။ ၁၁ အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့်အညီ လုပ်သောကျောက်၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ၏။ ၁၂ တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီး တစ်တန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်က နားပြင်တန်တိုင်းတို့သည် ထို့အတူ ပြီးကြ၏။


တုရုမြို့မှ ဟိရံကိုခေါ်

၁၃ ရှောလမုန်သည်လည်း လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကိုခေါ်လေ၏။ ၁၄ ထိုဟိရံကား နဿလိအမျိုး မုတ်ဆိုးမသားဖြစ်၏။ သူ၏အဘကား တုရုအမျိုးသား ပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း​ ကြေးဝါအလုပ် ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့် ပြည့်စုံသဖြင့် ရှောလမုန် မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။


ကြေးဝါတိုင် နှစ်တိုင်ပြုလုပ်

၁၅ ထိုသူသည် အမြင့်တစ်ဆယ်ရှစ်တောင်၊ လုံးပတ် တစ်ဆယ့်နှစ်တောင်ရှိသော ကြေးဝါတိုင် နှစ်တိုင်ကို သွန်းလေ၏။ ၁၆ တိုင်အပေါ်မှာ တင်စရာဖို့ အမြင့် ငါးတောင်ရှိသော ​ကြေးဝါ တိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။ ၁၇ ​ကြေးဝါတိုင်ကွန်ရွက်နှင့် ကြေးဝါကြိုးတို့ကိုလည်း လုပ်၍ တိုင်တစ်တိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ်အပေါ်မှာ ဖုံးလွမ်းလေ၏။ ၁၈ ​ကြေးဝါ သလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီး နှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။ ၁၉ ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့်ပုံတူ၍ အချင်းလေးတောင်ရှိ၏။ ၂၀ တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပ်ကာ အပေါ်မှာတည်လျက်၊ တိုင်ထိပ်တစ်ခု၌ သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာ စီရှိကြ၏။ ၂၁ ထိုတိုင်တို့ကို ဗိမာန်တော် ကနားပြင်ထဲမှာ စိုက်ထား၍ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။ ၂၂ တိုင်ထိပ်အပေါ်မှာ ကြာပွင့် အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည် စေ့စုံကြ၏။


ကြေးဝါ ရေကန်ကြီးလုပ်

၂၃ အချင်းဆယ်တောင်၊ အဝန်းအတောင် သုံးဆယ်၊ အစောက် ငါးတောင်ရှိသော ​ကြေးဝါ ရေကန်ကိုလည်း လုပ်လေ၏။ ၂၄ ရေကန် အနား ပတ်အောက်ပတ်လည်၌ အတောင်တစ်တောင်လျှင် ဘူးသီးဆယ်လုံးစီ စေ့အောင်ဘူးသီး နှစ်ပတ်ကို ရေကန်နှင့် တစပ်တည်း သွန်းလေ၏။ ၂၅ ထိုရေကန်သည် နွားတစ်ဆယ့် နှစ်ခု အပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက် ခိုင်း၍ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင် သုံးခုစီ မျက်နှာ ပြုကြ၏။ ၂၆ ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။


ကြေးဝါခုံတစ်ဆယ်လုပ်

၂၇ တဖန် အလျားလေးတောင်၊ အနံလေးတောင်၊ အမြင့်သုံးတောင် ပမာဏ ရှိသော ကြေးဝါခုံ တစ်ဆယ်ကို လုပ်လေ၏။ ၂၈ ထိုခုံပုံသဏ္ဍာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊ ၂၉ ခြင်္သေ့၊ နွား၊ ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ်အပေါ်မှာ ခုံတစ်ခုတင်လျက်ရှိ၏။ ခြင်္သေ့နှင့် နွားအောက်၌လည်း အပြောက်မျိုးရှိ၏။ ၃၀ ခုံတစ်ခု၌ ​ကြေးဝါလှည်းဘီးလေးခုစီ၊ ​ကြေးဝါဝင်ရိုး နှင့်တကွ ရှိ၏။ အင်တုံတင်စရာဖို့ ခုံလေးထောင့်၌ ပခုံးတို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။ ၃၁ အင်တုံဝ၌ ပါသောအကွပ်သည် အကျယ်တစ်တောင်ရှိ၏။ အဝသည်ဝိုင်း၍ အချင်းတစ်တောင်ထွာရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။ ၃၂ ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာ နေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တစ်တောင်ထွာရှိ၏။ ၃၃ ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။ ၃၄ ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊ ၃၅ ထိုပခုံးပေါ်မှာ လုံးပတ် တစ်ထွာရှိသော ကွင်းကိုတပ်၍ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။ ၃၆ ကိုင်စရာမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ်လျက်ရှိ၏။ ၃၇ ထိုသို့ပုံသဏ္ဍာန်အလုံး အရပ်တူအောင် အင်တုံတင်ရာ ခုံတစ်ဆယ်ကို သွန်း၍ ပြီးလေ၏။ ၃၈ အဝန်းလေးတောင်ကျယ်၍၊ ရေဗတ် လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံ တစ်ဆယ်ကိုလည်း လုပ်၍၊ ခုံတစ်ခုပေါ်မှာ အင်တုံတစ်လုံးစီ တင်ထားလေ၏။ ၃၉ အိမ်တော် လက်ျာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထား၍ ရေကန်ကိုကား၊ အိမ်တော် လက်ယာဘက် အရှေ့တောင် ထောင့်၌ နေရာချ၏။


ဗိမာန်တော်အတွက် ဟိရံလုပ်သမျှ

၄၀ ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏ အိမ်တော်၌ လက်စသတ်သော အရာများဟူမူကား ၄၁ တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာ ကွန်ရွက်နှစ်ရွက်၊ ၄၂ ဖုံးလွှမ်းစရာ ကွန်ရွက်တစ်ရွက်အဖို့ သလဲသီး နှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊ ၄၃ ခုံဆယ်ခု ခုံပေါ်မှာ တင်ထားသော အင်တုံဆယ်လုံး၊ ရေကန်တစ်ကန်၊ ၄၄ ရေကန်ကို ထောက်သော နွားတစ်ဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များတည်း။ ၄၅ ရှောလမုန် မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော် တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။ ၄၆ ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွက်လုပ်စရာ ကောင်းသောမြေ၌ ရှင်ဘုရင် သွန်းလေ၏။ ၄၇ ထိုတန်ဆာတို့သည် အလွန်များသောကြောင့် ရှောလမုန်သည် မချိန်ဘဲ သွန်းထား၏။ ​ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။ ၄၈ ရှောလမုန်သည်လည်း ထာဝရဘုရား၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊ ၄၉ ဗျာဒိတ်ဌာနတော်ရှေ့၊ လကျ်ာဘက်၌ ရွှေစင်မီးခုံငါးခု၊ လက်ဝဲဘက်၌ ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊ ၅၀ ရွှေစင်ဖြင့်ပြီးသော ခွက်များ၊ မီးညှပ်၊လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်းခန်း တံခါးနှင့် ဗိမာန်တော်ပြင်ခန်း တံခါးဆွဲထားသော ရွှေပတ္တာများတို့ကို လုပ်လေ၏။ ၅၁ ထိုသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏ အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော် ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.