-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၂၀


ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က ဣသရေလကိုတိုက်

ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်​ခြေ အပေါင်းတို့ကို စုဝေးစေ၍၊ မင်းကြီး သုံးကျိပ်နှစ်ပါးနှင့်တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီးလျှင် ရှမာရိမြို့ကို ဝိုင်းထား၍ တိုက်လေ၏။ သံတမန်တို့ကို ဣသရေလ ရှင်ဘုရင် အာဟပ်ထံ၊ မြို့ထဲသို့စေလွှတ်၍၊ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏၊ ဟုမှာလိုက်သတည်း။ ဣသရေလ ရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာ ရှိသမျှသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်၊ ဟုပြန်ပြော၏။ သံတမန်တို့သည် တဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေ သားမယားတို့ကို ငါ၌ အပ်ရမည်၊ ဟုငါမှာလိုက်သည်အမှုမှာ၊ နက်ဖြန်နေ့ ယခုအချိန် ရောက်သောအခါ ငါ့​ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသောအိမ်နှင့် သင်​ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှတို့ကို ယူစေရမည်၊ ဟုမှာလိုက်သတည်း။ ထိုအခါ ဣသရေလ ရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူ အပေါင်တို့ကို ခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါလော့။ ငါ့ရွှေငွေ သားမယားတို့ကို တောင်း၍ မှာလိုက်သောအခါ ငါမငြင်းပါတကား၊ ဟုကြားပြော၏။ အသက်ကြီးသူ အပေါင်းတို့နှင့် ပြည်သားအပေါင်းတို့က၊ ထိုသူ၏စကားကို နားထောင်တော် မမူပါနှင့်။ ဝန်ခံတော်မမူပါနှင့်၊ ဟုပြန်လျှောက်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက် မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန် ပြုပါမည်။ နောက်မိန့်တော်မူသည့်အတိုင်း မပြုသင့်၊ ဟုငါ့အရှင်မင်းကြီးအား ပြန်လျှောက်ကြလော့၊ ဟုဗင်္ဟာဒဒ်၏ သံတမန်တို့အား မှာလိုက်လျှင်၊ ထိုသူတို့သည်သွား၍ လျှောက်ကြ၏။ ၁၀ တဖန် ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသောမြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူ အပေါင်းတို့တွင်၊ တယောက် တလက်ဆုပ်စီ စေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမက ပြုပါစေသော်ဟုမှာ လိုက်လေသော်၊ ၁၁ ဣသရေလ ရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်၊ ဟုပြန်ပြော၏။ ၁၂ ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကို ကြားလျှင် စစ်ခင်းကျင်းကြ၊ ဟုမိမိ​ကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာ စစ်ခင်းကျင်းကြ၏။


ဣသရေလများကို ဘုရားက ကူခြင်းဖြင့်သူ့ကိုသိဘို့

၁၃ ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင် အာဟပ်ထံသို့ လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်း အပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်၊ ဟုအမိန့်တော်ကို ဆင့်ဆို၏။ ၁၄ အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်း၊ ဟုမေးလျှင်၊ မြို့ဝန်များ၏ လုလင်တို့အားဖြင့် အပ်မည်၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကို အဘယ်သူ စီရင်ရမည်နည်း၊ ဟုမေးပြန်သော်၊ မင်းကြီးကိုယ်တိုင် စီရင်ရမည်၊ ဟုဆို၏။ ၁၅ အာဟပ်မင်းသည် မြို့ဝန်များ၏ လုလင်တို့ကို ရေတွက်၍ နှစ်ရာသုံးဆယ် နှစ်ယောက်ရှိ၏။ ဣသရေလ အမျိုးသား အပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင်ရှိ၏။ ၁၆ မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက်နေကြ၏။ ၁၇ မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှဗာရိမြို့ထဲက လူထွက်ပါသည်၊ ဟုဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊ ၁၈ စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ၊ စစ်တိုက်ခြင်းငှါ ထွက်ဖြစ်စေ၊ အရှင်ဖမ်းဆီးကြ၊ ဟုမိန့်တော်မူ၏။


ရှုရိလူစစ်ရှုံး၍ပြေး

၁၉ ထိုသို့ မြို့ဝန်များ၏ လုလင်တို့သည် လိုက်သော ဗိုလ်​ခြေနှင့်တကွ မြို့ထဲက ထွက်၍၊ ၂၀ ရန်သူတို့ကို လူတိုင်း တယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ၏။ ဣသရေလ လူတို့သည် လိုက်ကြသဖြင့် ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မြင်းစီး၍ မြင်စီး သူရဲကောင်းတို့နှင့်အတူ အလွတ်ပြေး၏။ ၂၁ ဣသရေလ ရှင်ဘုရင်သည်လည်း ထွက်၍ မြင်းတပ်၊ ရထားတပ်များကို ဖျက်၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ၏။


ရှုရိလူတို့က ဣသရေလကို စစ်တိုက်ပြန်

၂၂ တဖန် ပရောဖက်သည် ဣသရေလ ရှင်ဘုရင်ထံသို့ လာ၍၊ ကိုယ်ကို ခိုင်ခံ့စေလော့။ အဘယ်သို့ ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍ လာလေဦးမည်၊ ဟုဆို၏။ ၂၃ ရှုရိဘုရင်၏​ကျွန်တို့သည်လည်း၊ သူတို့၏ ဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကိုနိုင်ပါ၏။ ငါတိုသည် လွင်ပြင်၌ တခါတိုက်ကြ ကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ်နိုင်ကြလိမ့်မည်။ ၂၄ မင်းကြီး အပေါင်းတို့ကိုလည်း ပယ်၍ သူတို့အရာ၌ ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ။ ၂၅ ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့်အမျှ များသောတပ်ကို ခင်းကျင်းတော်မူပါ။ လွင်ပြင်၌ တိုက်၍ ဆက်ဆက် နိုင်ကြပါလိမ့်မည်၊ ဟုလျှောက်ထားသော စကားကို ရှင်ဘုရင်သည် နားထောင်၍ စီရင်လေ၏။ ၂၆ နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကို ရေတွက်၍ ဣသရေလ ပြည်သားတို့ကို စစ်တိုက်အံ့သောငှါ၊ အာဖက်မြို့သို့ ချီသွား၏။ ၂၇ ဣသရေလ အမျိုးသားတို့သည် စာရင်းဝင်၍ ရိက္ခာကို ပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည် တပြည်လုံး အနှံ့အပြားနေလျက်၊ သူတို့ ရှေ့မှာ ဣသရေလလူတို့သည် ငယ်သောဆိတ် သငယ်နှစ်စုကဲ့သို့ တပ်ချကြ၏။


ထာ၀ရဘုရားသခင် တောင်ကုန်းဘုရားသာမဟုတ်

၂၈ ဘုရားသခင်၏ လူတယောက်သည် ဣသရေလ ရှင်ဘုရင်ထံသို့လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။ လွင်ပြင်ကို အစိုးရသော ဘုရားမဟုတ်၊ ဟုဆိုမိသောကြောင့်၊ ထိုကြီးစွာသော အလုံးအရင်း အပေါင်းကို သင့်လက်ငါအပ်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၂၉ ထိုသူတို့သည် ခုနစ်ရက်ပတ်လုံး တဘက်တချက်တွင် တပ်ချလျက်နေပြီးမှ၊ သတ္တမနေ့၌ စစ်ပြိုင်၍ ဣသရေလ လူတို့သည် တနေ့ခြင်းတွင် ရှုရိ​ခြေသည် သူရဲတသိန်းကို သတ်ကြ၏။ ၃၀ ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်း ခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍ မြို့ထဲအတွင်းခန်း၌ ပုန်းလျက်နေ၏။


အာဟပ်သည် ဗင်္ဟာဒဒ်နှင့် မိဿဟာယဖွဲ့

၃၁ ဗင်္ဟာဒဒ်၏ ကျွန်တို့ကလည်း၊ ဣသရေလ အမျိုးသား ရှင်ဘုရင်တို့သည်၊ သနားတတ်သော မင်းဖြစ်ကြောင်းကို​ကျွန်တော်တို့ ကြားပါပြီ။ ​ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက်၊ ဣသရေလ ရှင်ဘုရင်ထံသို့ ထွက်ရသော အခွင့်ကို ပေးတော်မူပါ။ အသက်တော်ကို ချမ်းသားပေးကောင်း ပေးပါလိမ့်မည်၊ ဟုလျှောက်သည့်အတိုင်း၊ ၃၂ လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက်၊ ဣသရေဘလ ရှင်ဘုရင်ထံသို့ ရောက်လျှင်၊ ကိုယ်တော်ကျွန် ဗင်္ဟာဒဒ်က၊ ​ကျွန်တော် အသက်ကို ချမ်းသာပေးတော်မူပါ၊ ဟုတောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက် ရှင်သေးသလား၊ ဟုမေး၏။ ၃၃ ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့နားထောင်၍၊ ချက်ခြင်း စကားရိပ်ကို ဖမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကို ခေါ်ကြ၏။ အာဟပ်ကလည်း သွား၍ ခေါ်ကြလော့၊ ဟုစေလွှတ်သည်အတိုင်း၊ ဗင်္ဟာဒဒ်သည် ထွက်လာ၍၊ အာဟပ်မင်းအခွင့်နှင့် ရထားတော်ပေါ်သို့ တက်ရ၏။ ၃၄ ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော်အဘ၏ လက်မှလုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်နိုင်ပါသည်၊ ဟုဆိုလျှင်၊ အာဟပ်က ဤမိဿဟာယအားဖြင့် သင့်ကို ငါလွှတ်လိုက်မည်၊ ဟုမိဿသဟာယ ဖွဲ့၍ လွှတ်လိုက်လေ၏။


အာဟပ်က ဗင်္ဟာဒဒ် လွှတ်ခြင်းကို ဘုရားမကျေနပ်

၃၅ ပရောဖက် အမျိုးသား တယောက်က၊ ငါ့ကိုရိုက်ပါလော့၊ ဟုထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါ၊ ဟုငြင်းပယ်၏။ ၃၆ ပရောဖက်ကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သောကြောင့် ငါ့ထံမှ သွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်၊ ဟုဆိုသည်အတိုင်း၊ ထိုသူသွားစဉ်တွင် ခြင်္သေ့တွေ့၍ သတ်၏။ ၃၇ အခြားသောသူကိုတွေ့၍ ငါ့ကိုရိုက်ပါလော့၊ ဟုဆိုပြန်လျှင်၊ ထိုသည်သည် နာကျင်စွာ ရိုက်လေ၏။ ၃၈ ထိုပရောဖက်သည် သွား၍ မိမိမျက်နှာကို ပုဝါနှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။ ၃၉ ရှင်ဘုရင်သည် လျှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက်သည် စစ်ပွဲထဲက ထွက်လာ၍​ကျွန်တော်၌ လူတယောက်ကို အပ်သဖြင့် ဤလူကို စောင့်လော့။ တစုံတခုအားဖြင့် ပျောက်လျှင် သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ် ငွေအခွက် တဆယ်လျော်ရမည်၊ ဟုမှာထားသော်လည်း၊ ၄၀ ကိုယ်တော်​ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူပျောက်ပါသည်၊ ဟုလျှောက်လျှင်၊ ဣသရေလ ရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင်စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၄၁ ထိုပရောဖက် သည် မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက် တစုံတပါး ဖြစ်ကြောင်းကို ဣသရေလ ရှင်ဘုရင်သိ၏။ ၄၂ ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၄၃ ဣသရေလ ရှင်ဘုရင်သည် ညစ်ညူးသော စိတ်နှင့် ညိုးငယ်လျက် ရှမာရိမြို့နန်းတော်သို့ သွား၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.