-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


🎨
၃ ဓမ္မရာဇဝင်
အခန်းကြီး ၁


ဒါဝိဒ် အသက်ကြီးသောအခါ အပျိုကညာ အဘိရှက်ကိုသိမ်း

ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။ သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည် မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟု လျှောက်ကြ၏။ ထိုသို့နှင့်အညီ အဆင်းလှသော အပျိုမကို ဣသရေလ ပြည်တလျှောက်လုံးတွင် ရှာ၍၊ ရှုနင်မြို့သူ အဘိရှက်ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။ ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင်ကိုလည်း လုပ်​ကျွေး ပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။


အဒေါနိယ ကိုယ့်ကိုကိုယ် ချီးမြှောက်
CROSS REFERENCES






ထိုနောက် ဟဂ္ဂိတ်သား အဒေါနိယသည် ရှင်ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ မြင်းလှည်းများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။ ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှ မပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။ အဗရှလုံညီလည်း ဖြစ်၏။ သူသည် ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍၊ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ပရောဖက် နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား အဒေါနိယဘက်သို့ မဝင်ကြ။ အဒေါနိယသည် အင်္ရောဂေလ မြို့နယ်အတွင်း [A]ဇောဟေလက် ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင် ရှင်ဘုရင်သား မိမိညီများနှင့် ရှင်ဘုရင်၏ ကျွန်ယုဒ လူများအပေါင်းတို့ကို ခေါ်ဖိတ်လေ၏။ ၁၀ ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီး မှစသော ညီရှောလမုန်ကိုကား မခေါ်မဖိတ်။


နာသန်က ရှောလမုန် အမိ ဗာသရှေဘကို အကြံပေး

၁၁ ထိုအခါ နာသန်သည် ရှောလမုန်အမိ၊ ဗာသရှေဘထံသို့ သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင် လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင် ဒါဝိဒ်သည် မသိပါတကား။ ၁၂ ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ​ကျွန်ုပ်သည် အကြံပေးပါရစေ။ ၁၃ ဒါဝိဒ် မင်းကြီးထံတော်သို့ ဝင်၍ အိုအရှင် မင်းကြီး ကိုယ်တော်က သင်၏သား ရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ မဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက်လော့။ ၁၄ ထိုသို့ အထံတော်၌ လျှောက်စဉ်တွင် ​ကျွန်ုပ်ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည်အတိုင်း ၁၅ ဗာသရှေဘသည် ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည် အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်​ကျွေးလျက်နေ၏။


ဗာသရှေဘက ဒါဝိဒ်မင်းထံ သားအတွက်လျှောက်

၁၆ ဗာသရှေဘသည် ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင် ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ၁၇ ဗာသရှေဘကလည်း ​ကျွန်မသခင် ကိုယ်တော်က သင်၏သား ရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်​ ကျွန်မအား ကျိန်ဆိုတော်မူပြီ။ ၁၈ ယခုမှာ အဒေါနိယသည် စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။ ၁၉ အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင် မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ၊ ဗိုလ်ချုပ်မင်း ယွာဘတို့ကို ခေါ်ဖိတ်ပါ၏။ ကိုယ်တော်​ကျွန် ရှောလမုန်ကိုကား မခေါ်မဖိတ်ပါ။ ၂၀ အိုအရှင်မင်းကြီး ​ကျွန်မ အရှင်မင်းကြီး၏ အရာ၌ စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့်တော်မူမည်ဟု ဣသရေလ အမျိုးသား အပေါင်းတို့သည် ကိုယ်တော်ကို မျှော်ကြည့်လျက် နေကြပါ၏။ ၂၁ သို့မဟုတ် ကျွန်မအရှင် မင်းကြီးသည် ဘိုးတော် ဘေးတော်တို့ နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ​ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသောသူ ဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။


ပရောဖက် နာသန်က ဒါဝိဒ်မင်းထံလျှောက်

၂၂ ထိုသို့အထံတော်၌ လျှောက်စဉ်တွင် ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက် နာသန်လာပါသည်ဟု လျှောက်ကြ၏။ ၂၃ နာသန်သည်လည်း ရှေ့တော်သို့ ရောက်သောအခါ ဦးချပြပ်ဝပ်လျက် ၂၄ အိုအရှင်မင်းကြီး ကိုယ်တော်က ငါ့အရာ၌ အဒေါနိယ စိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။ ၂၅ သူသည် ယနေ့ဆင်းသွား၍ ဆူဖြိုးသော သိုးနွားများတို့ကို သတ်ပြီးလျှင် မင်းကြီး၏ သားတော်အပေါင်းတို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ် အဗျာသာကို၎င်း၊ ခေါ်ဖိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စားသောက်လျက် အဒေါနိယ မင်းကြီးသည် အသက်တော် ရှင်စေသတည်းဟု ကြွေးကြော်လျက် ယခုရှိကြပါ၏။ ၂၆ ကိုယ်တော် ကျွန်အ​ကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဖိတ်ပါ။ ၂၇ အရှင်မင်းကြီး၏ အရာ၌ အဘယ်သူ နန်းထိုင်ရမည်ကို ကိုယ်တော်​ကျွန်အား ပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီး စီရင်တော်မူပြီလောဟု လျှောက်လေ၏။


ဒါဝိဒ်မင်းက ရှောလမုန်သည် ဘုရင်ဖြစ်မည်ဟုဆို

၂၈ ထိုအခါ ဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း ဗာသရှေဘသည် လာ၍ ရှေ့တော်၌ ရပ်နေ၏။ ၂၉ ရှင်ဘုရင်ကလည်း ငါ့အသက် ဝိညာဉ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရဘုရား အသက်ရှင် တော်မူသည်အတိုင်း ၃၀ သင်၏သား ရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ ငါ့ကိုယ်စား နန်းထိုင်ရမည် ဟုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆိုသည်နှင့် အညီ ယနေ့ငါပြုမည်ဟု တဖန် ကျိန်ဆိုတော်မူ၏။ ၃၁ ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက် ရှင်ဘုရင်အား ရှိခိုးလျက် အရှင် ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။


ရှောလမုန်ကို ဘိသိက်ဖို့ ဒါဝိဒ်မင်းကမှာ
CROSS REFERENCES






၃၂ ဒါဝိဒ်မင်းကြီးကလည်း ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယတို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။ ၃၃ ရှင်ဘုရင်ကလည်း သင်တို့အရှင်၏​ ကျွန်များကိုခေါ်၍ ငါ့သား ရှောလမုန်ကို ငါ၏ မြင်းလားတော်ပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ [B]ဆောင်သွားကြလော့။ ၃၄ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန်သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ချီးမြှောက်ပြီးလျှင် တံပိုးမှုတ်၍ ရှောလမုန်မင်းကြီးသည် အသက်တော် ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။ ၃၅ ထိုနောက် သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင်ရမည်။ ငါ့ကိုယ်စား ရှင်ဘုရင် ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။ ၃၆ ယောယဒသား ဗေနာယက အာမင်။ အရှင်မင်းကြီး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့ မိန့်တော်မူပါစေသော်။ ၃၇ ထာဝရဘုရားသည် အရှင်မင်းကြီး ဘက်မှာ ရှိတော်မူသည် နည်းတူ၊ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော်။ အရှင်မင်းကြီး ဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည် သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသော်ဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။


ရှောလမုန်ကို ဘုရင်အရာ၌ ဘိသိက်ပေးကြ

၃၈ ထိုအခါ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။ ၃၉ ယဇ်ပုရောဟိတ် ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကို ဘိသိက်ပေးပြီးမှ သူတို့သည် တံပိုးမှုတ်၍ ရှောလမုန်မင်းကြီးသည် အသက်တော် ရှင်စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။ ၄၀ လူအပေါင်းတို့သည် တီးမှုတ်လျက် နောက်တော်သို့ လိုက်၍ မြေကြီးကွဲမတတ် ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သော အသံကိုပြုကြ၏။


ရှောလမုန် ဘိသိက်ခြင်းကို အဒေါနိယအဖွဲ့ကြားပြော

၄၁ အဒေါနိယနှင့် သူ၏ အပေါင်းအဖော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကို ယွာဘကြားလျှင် တမြို့လုံး အုတ်အုတ်ကျက်ကျက် ပြုသံကား အဘယ်သို့နည်းဟု မေးစဉ်ပင်၊ ၄၂ ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်သည် လာလျှင် အဒေါနိယက ဝင်ပါ။ သင်သည် လူကောင်းဖြစ်၍ ကောင်းသော သတင်းကို ကြားပြောလိမ့်မည်ဟု ဆိုလျှင် ၄၃ ယောနသန်က အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ ၄၄ ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။ ၄၅ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန်တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇ ဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍ တမြို့လုံး အုတ်အုတ်ကျက်ကျက်သော အသံကို ကိုယ်တော် ကြားရပါ၏။ ၄၆ ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။ ၄၇ ရှင်ဘုရင်၏ ကျွန်တို့သည်လည်း၊ တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ ဘုရားသခင်သည် ရှောလမုန်၏ နာမကို ခမည်းတော်၏ နာမထက်သာ၍ ချီးမြှောက်တော်မူ ပါစေသော်။ သူ၏ရာဇပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက် သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသော်ဟု လျှောက်လျှင် ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက် ၄၈ ငါသည် ကိုယ်မျက်စိနှင့် မြင်စေခြင်းငှါ ငါ့နန်းပေါ်မှာ ထိုင်ရသောသူကို ယနေ့ပေးသနားတော်မူသော ဣသရေလ အမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။


အဒေါနိယ ကြောက်၍ ယဇ်ပလ္လင်ဦးချိုကိုင်

၄၉ ထိုအခါ အဒေါနိယနှင့် ပေါင်းဖော်သော လူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့်ထ၍ တယောက်တခြားစီ သွားကြ၏။ ၅၀ အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင် ဦးချိုတို့ကို ကိုင်လျက်နေ၏။ ၅၁ အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင် ဦးချိုတို့ကို ကိုင်လျက် ရှောလမုန်မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည် အကြောင်း ယနေ့ ကျိန်ဆိုတော်မူပါစေဟု ဆိုကြောင်းကို ရှောလမုန်အား လျှောက်လေသော် ၅၂ ရှောလမုန်က သူသည် လူကောင်းဖြစ်လျှင် ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရမည်ဟု အမိန့်တော်ရှိ၍၊ ၅၃ လူကိုစေလွှတ်သဖြင့် အဒေါနိယကို ယဇ်ပလ္လင်မှ ခေါ်ခဲ့သည်အတိုင်း သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။







GOSPEL MYANMAR BIBLE © 2022-2026
S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2026 GBCUSA. All rights reserved.