-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၆


ဒါရိမင်းကြီးက ဒံယေလကို ချီးမြှောက်ဖို့ကြံ

ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တစ်ရာ့ နှစ်ဆယ်တို့ကို၎င်း၊ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှာ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ် စစ်ကြောရသော ဝန်ကြီးသုံးပါးကို၎င်း၊ အလိုတော် ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်၊ ဒံယေလသည် ဝန်ကြီးအရာကို ရသည်သာမက၊ ထူးဆန်းသော ဥာဏ်နှင့်ပြည့်စုံ၍၊ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည်၊ ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။


ဝန်ကြီးများ မြို့ဝန်များက ဒံယေလအပြစ်ရှာကြ

ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော် အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစ်စုံတခုမျှ မရှိသောကြောင့်၊ အပြစ်တင်ခွင့်ကိုရှာ၍ မတွေ့ကြသည်ရှိသော်၊ ဘုရားသခင်၏ ဘာသာမှု မှတပါး၊ အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြ၊ ဟုတိုင်ပင်ပြောဆိုပြီးမှ၊ အထံတော်သို့ လာရောက် စည်းဝေးကြ၍၊ အရှင်မင်းကြီး ဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကိုယ်တော်မြတ်မှတပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို၊ ခြင်္သေ့လှောင်သော တွင်းထဲသို့ ချပစ်ရမည်၊ ဟုမဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဖွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ အပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိ ဓမ္မသတ်အတိုင်း အမိန့်တော် တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါ၊ ဟုလျှောက်ထားကြလျှင်၊ ဒါရိမင်းကြီးသည် အမိန့်တော်ကို ပေး၍၊ တံဆိပ်ခတ်တော်မူ၏။


ဒံယေလအမိန့်တော်ကို မလိုက် တစ်နေ့သုံးကြိမ်ဆုတောင်း
CROSS REFERENCES






၁၀ အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်းပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ [‌A] ၁၁ ထိုသို့ ဘုရားသခင်ကို ဆုတောင်းပဌနာ ပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊ ၁၂ အထံတော်သို့ ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတပါး အခြားသောလူကို ဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည်သည်ကို၊ ခြင်္သေ့လှောင်သော တွင်းထဲသို့ ချပစ်စေ၊ ဟုအမိန့်တော်ကို တံဆိပ်ခတ်တော်မူလျက် ရှိပါသည် မဟုတ်လော၊ ဟုအမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိ၊ ဓမ္မသတ်အတိုင်း မှန်ပေသည်၊ ဟုမိန့်တော်မူ၏။ ၁၃ မှူးမတ်အရာ ရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်က သိမ်းယူခဲ့သော ယုဒလူမျိုး ဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍ နေပါသည်၊ ဟုလျှောက်ထားကြ၏။


ဒံယေလကို ခြင်္သေ့လှောင်အိမ်၌ ချကြ

၁၄ ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့်၊ လွှတ်ရသော အခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။ ၁၅ တဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တစ်ခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာ၊ ဟုမေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါ၊ ဟုလျှောက်ကြပြန်လျှင်၊ ၁၆ တဖန် ရှင်ဘုရင် မိန့်တော်မူသည်အတိုင်း၊ ဒံယေလကို ခေါ်၍၊ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည်၊ သင့်ကို ကယ်လွှတ်ပါစေ၊ ဟုဒံယေလကို မိန့်တော်မူ၏။ ၁၇ ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့စေခြင်းငှာ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့ တံဆိပ်ကို ခတ်တော်မူ၏။


ဘုရားသခင်က ဒံယေလကို ခြင်္သေ့ထံမှကယ်

၁၈ ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ၊ စက်တော်ခေါ်၍ မပျော်နိုင်။ ၁၉ နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန် သွားတော်မူ၏။ ၂၀ ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကို ခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန် ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကို ခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလော၊ ဟုမေးတော်မူ၏။ ၂၁ ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ ၂၂ အ​ကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍၊ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့်၊ အ​ကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အ​ကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါ၊ ဟုပြန်လျှောက်လေ၏။ ၂၃ ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက၊ ထုတ်ယူစေ၊ ဟုအမိန့်တော်ရှိသည်အတိုင်း၊ ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၌ ထိခိုက်သော အနာ တခုမျှမရှိ။


ဒံယေလကြောင့် သူ၏ဘုရား ဘုန်းထင်ရှား
CROSS REFERENCES






၂၄ ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သောသူတို့ကို ရှင်ဘုရင်၏ အမိန့်တော်နှင့်ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင်၍၊ သူတို့အရိုး ရှိသမျှတို့ကို ချိုးဖဲ့ကြ၏။ ၂၅ ထိုအခါ မြေကြီး တစ်ပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော။ ၂၆ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသောသင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြကုန် [B] ဟုငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုဘုရားသခင်သည် အသက်ရှင် တော်မူသော ဘုရား၊ နိစ္စထာဝရ တည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။ ၂၇ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင် မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည်၊ ထိုသို့သော ဘုရားဖြစ်တော်မူ၏၊ ဟုအမိန့်တော်ရှိ၏။ ၂၈ ထိုသို့ ဒံယေလသည် ဒါရိမင်းကြီး လက်ထက်၌၎င်း၊ ပေရသိမင်းကြီး ကုရုမင်းကြီး လက်ထက်၌၎င်း၊ ကောင်းစားလျက်နေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.