-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၁၁


ပေရသိနိုင်ငံကို ဂရိတ်နိုင်ငံကနိုင်၍ လေးနိုင်ငံဖြစ်မည်

ငါသည်လည်း၊ မေဒိအမျိုး ဒါရိမင်းကြီး နန်းစံပဌမနှစ်တွင်၊ သူ့ကိုနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။ ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက် ပြုစေခြင်းငှါ၊ ခပ်သိမ်းသောသူတို့ကို နှိုးဆော်လိမ့်မည်။ ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော် ကြီးလျက်အစိုးရ၍ မိမိ အလိုရှိသည်အတိုင်း ပြုလိမ့်မည်။ ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍၊ သူတပါးတို့သည် မိုးကောင်းကင် လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင်၊ အစိုးရသော သူတို့သည် အမျိုးအနွယ် တော်မဟုတ်၊ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နှုတ်ပစ်၍၊ အမျိုးအနွယ်တော်မှ တပါး၊ အခြားသောသူတို့သည် ရကြလိမ့်မည်။


တောင်ရှင်ဘုရင် အဲဂုတ္တုနှင့် မြောက်ရှင်ဘုရင်အာရှုရိ

ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ မင်းစုထဲ၌ မင်းတပါးသည် ထိုသူထက် တန်ခိုးကြီး၍ အာဏာတည် လိမ့်မည်။ သူ၏အာဏာလည်း အလွန်ကျယ်လိမ့်မည်။ ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့် ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင်၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ် တော်သည်လည်း မတည်ရ။ မင်းသမီးကို၎င်း၊ ဆောင်ခဲ့သောသူတို့ကို၎င်း၊ သူ၏သားကို၎င်း၊ ထိုကာလ၌ သူ့ကို ထောက်ပင့်သော သူများကို၎င်း၊ ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။ ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူတယောက်သည်၊ အဘ၏ အရိပ်အရာကို ရသဖြင့်၊ စစ်ချီ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်ကို ရောက်လျှင်၊ မြို့သားတို့ကို တိုက်၍ နိုင်လိမ့်မည်။ သူတို့၏ ဘုရားများ၊ သွန်းလောင်းသော ရုပ်တုများ၊ အဘိုးထိုက်သော ငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။ တဖန် မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင်၏ နိုင်ငံသို့ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့်မည်။



၁၀ သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတယောက်လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တဖန်ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။ ၁၁ တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည် ဗိုလ်​ခြေ အလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းကို သိမ်းယူလိမ့်မည်။ ၁၂ ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ၊ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက၊ များစွာသော လူတို့ကို လုပ်ကြံသော်လည်း၊ မိမိအာဏာကို မတည်စေရ။ ၁၃ အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန်ပေါ်လာ၍၊ အရင်ထက်များစွာသော အလုံးအရင်းတို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။ ၁၄ ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသော သူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်းငှါထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၅ မြောက်ရှင်ဘုရင်သည်လာ၍၊ မြို့ရိုးကိုတည်ပြီးလျှင်၊ ခိုင်ခံ့သောမြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သော လူများတို့သည် ဆီးတားခြင်းငှါ ခွန်အား မရှိသောကြောင့်၊ မဆီးတားရကြ။ ၁၆ တိုက်လာသောသူသည် မိမိအလိုအလျောက်ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ဘဲ၊ သာယာသောပြည်ကို နင်းပြီးမှ စုံလင်စေလိမ့်မည်။ ၁၇ ​ဖြောင့်မတ်သောသူတို့သည်လိုက်လျက် ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်း ရှိသမျှတို့နှင့်တကွ ဝင်စားခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ်ဖြင့် ဖျက်ဆီးခြင်းငှါ ပေးစားလိမ့်မည်။ သို့သော်လည်း သူသည်အကြံမမြောက်၊ အကျိုးမရှိရ။ ၁၈ တဖန်ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေ ပျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။ ၁၉ ထိုမင်းသည်လည်း၊ မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင်၊ ထိမိ၍လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။


၂၀ ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ ဘုန်းစည်းစိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။ ၂၁ ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက်သောသူမဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည်အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ ၂၂ လွှမ်းမိုးသောလက်နက်တို့သည် သူ့ရှေ့မှာမြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသောမင်းလည်း ဆုံးရှုံးလိမ့်မည်။ ၂၃ အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှပါသော်လည်း တန်ခိုးကြီးလိမ့်မည်။ ၂၄ အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာ စည်းစိမ်းများကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကို ပြုလိမ့်မည်။ ခိုင်ခံသောမြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။ ၂၅ ကြီးစွာသော အလုံးအရင်းနှင့်တကွ၊ တောင်ရှင်ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော်လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံမရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့်မည်။ ၂၆ ထိုသို့​ကျွေးမွေးခြင်းကို ခံရသောသူတို့သည်လည်း၊ ထိုသူ၏အကျိုးကို ဖျက်ဆီးသောအားဖြင့်၊ သူ၏တပ်မြုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။ ၂၇ ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသောအကြံကိုကြံ၍၊ တခုသောစကားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန်ကာလ၌၊ အဆုံးဖြစ်ရလိမ့်မည်။ ၂၈ တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်းဥစ္စာပါလျက် မိမိပြည်သို့ပြန်၍ သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်းပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ၂၉ ချိန်းချက်သောအချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ ၃၀ အကြောင်းမူကား၊ ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့်၊ စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။
CROSS REFERENCES






၃၁ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။ [A] ၃၂ ပဋိညာဉ်တရားကို ပြစ်မှားသောသူတို့သည် ချော့မော့ရာသို့လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။ ၃၃ လူစုထဲမှ ပညာရှိသောသူတို့သည် အများသောသူတို့ကို သွန်သင်ကြလိမ့်မည်။ ဓါးနှင့်ကွက်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ ၃၄ လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့လိုက်၍ ဆီးကပ်ကြလိမ့်မည်။ ၃၅ အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူ အချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည်အကြောင်း လဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သောကာလတိုင်အောင် ဖြစ်ရသတည်း။


၃၆ ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။ ၃၇ ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သော အလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကိုကိုယ် ချီးမြှောက်လိမ့်မည်။ ၃၈ ထိုဘုရားအရာ၌ ရဲတိုက်တို့၏ ဘုရားနှင့်၊ ဘိုးဘေးတို့ မသိသောဘုရားကို ချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ ၃၉ ခိုင်ခံ့သော ရဲတိုက်များကို၎င်း၊ မိမိဝန်ခံသော တပါးအမျိုးသား ဘုရားကို၎င်း ပြုစု၍၊ ဂုဏ်အသရေ တိုးပွါးစေလိမ့်မည်။ လူများတို့အပေါ်မှာ အုပ်စိုးရသော အခွင့်ကိုပေး၍၊ စီးပွါးဖြစ်ခြင်းအလိုငှါ၊ မြေကိုဝေဖန်လိမ့်မည်။

၄၀ အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေဘွေကဲ့သို့ ထိုပြည်တို့ကိုဝင်၍၊ ချင်းနင်းလွှမ်းမိုးလိမ့်မည်။ ၄၁ သာယာသော ပြည်ကိုလည်းဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသား အကြီးတို့သည် လွတ်ကြလိမ့်မည်။ ၄၂ ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရလိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။ ၄၃ ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ ၄၄ သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူအများတို့ကို ဖျက်ဆီး သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ ၄၅ ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌ စံရာတဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။






S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.