-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၂


နေဗုခဒ်နေဇာမင်းအိပ်မက်

နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသောကြောင့် စက်တော် မခေါ်နိုင် သည်ဖြစ်၍၊ အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂုပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေ၊ [A] ဟုအမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည် ရှိသော်၊ ရှင်ဘုရင်က၊ ငါသည် အိပ်မက်မြင်ပြီ။ ထိုအိပ်မက်ကို မသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီမသာရှိသည်၊ ဟုမိန့်တော်မူ၏။ ခါလဒဲ ပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ အ​ကျွန်ုပ်တို့အား အိပ်မက်ကို မိန့်တော်မူပါ။ အ​ကျွန်ုပ်တို့သည် အနက်ကို ဖေါ်ပြပါမည်၊ ဟုရှုရိဘာသာဖြင့် လျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ်မက်နှင့် အနက်ကို သင်တို့မဖေါ်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက်ချေးပုံ ဖြစ်စေမည်။ အိပ်မက်နှင့် အနက်ကို ဖေါ်ပြလျှင်၊ ဆုလပ်သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့် အနက်ကို ငါ့အားဖေါ်ပြကြ၊ ဟုခါလဒဲ ပညာရှိတို့ကို မိန့်တော်မူ၏။ ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက်ကို အမိန့်ရှိတော်မူပါ။ အ​ကျွန်ုပ်တို့သည် အနက်ကို ဖေါ်ပြပါမည်၊ ဟုတဖန်လျှောက်ကြပြန်လျှင်၊ ရှင်ဘုရင်က၊ ငါ့အမိန့်တော် ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလ ကြာစေခြင်းငှါ၊ ရွေ့ချင်သည်ကို ငါအမှန်သိ၏။ အိပ်မက်ကို ငါ့အား မဖေါ်မပြလျှင်၊ သင်တို့သည် အကြံတခုတည်းသာ ရှိသည်ဖြစ်၍၊ ကာလ ပြောင်းလဲသည်တိုင်အောင်၊ ငါ့ရှေ့၌ ရှက်စရာဘို့ ကောက်ကျစ် လိမ်လစ်သော စကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက်ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင် အိပ်မက်အနက်ကို ဖေါ်ပြနိုင်သည်ကို ငါသိမည်၊ ဟုပြန်၍မိန့်တော်မူ၏။ ၁၀ ခါလဒဲ ဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှုအရာကို​ဖြေနိုင်မည်သူ မြေကြီးပေါ်မှာ တယောက်မျှမရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုးကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာတို့ကို ဤသို့ မေးမြန်းလေ့မရှိပါ။ ၁၁ အရှင်မင်း ကြီး မေးမြန်းတော်မူသော အရာသည် ခက်ခဲသောအရာ ဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံသော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော်၌ မထုတ်မဖေါ်နိုင်ပါ၊ ဟုတဖန် ပြန်ကြားလျှောက်ထားကြ၏။ ၁၂ ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက်တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေ၊ ဟုအမိန့်တော်ရှိ၏။


ဒံယေလနှင့် သူငယ်ချင်းများဆုတောင်း
CROSS REFERENCES






၁၃ ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဖေါ်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊ ၁၄ ဒံယေလက၊ ရှင်ဘုရင်၏ အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျှင်မြန်သနည်း၊ ဟု၁၅ ဗာဗုလုန် ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက်သွားသော ကိုယ်ရံတော် မှူးအာရုတ်ကို သတိပညာနှင့်မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြောလျှင်၊၁၆ ဒံယေလသည် နန်းတော်သို့ဝင်၍ အိပ်မက်တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည်အကြောင်း အသနားတော်ခံပြီးမှ၊ ၁၇ မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဖေါ် ဟာနနိ၊ မိရှေလ၊ အာဇရိ တို့အားကြားပြော၍၊ ၁၈ ငါတို့သည် အခြားသော ဗာဗုလုန် ပညာရှိတို့နှင့် အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသောအရာ၌ [B] ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံ ရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့၊ ဟုပြောဆို၏။


ဘုရားသခင်က အိပ်မက်ကိုဖေါ်ပြ
CROSS REFERENCES






၁၉ ညအခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအား ဘုရားသခင် ဖေါ်ပြတော်မူ၏။ ၂၀ ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံ ရှင်ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ [C] ဘုရားသခင်၏ နာမတော်သည် ထာဝရဘုရား မင်္ဂလာရှိပါစေသတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံတော်မူ၏။ ၂၁ ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက်တော်မူ၏။ ပညာရှိတို့အား ပညာကို ပေးတော်မူ၏။ ဥာဏ်ရှိသောသူ တို့သည် ကျေးဇူးတော် အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။ ၂၂ နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ ရှိသမျှတို့ကို သိမြင်၍ အလင်း၏ တည်ရာဖြစ်တော်မူ၏။ ၂၃ အ​ကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ ​ကျွန်ုပ်အား ပညာအစွမ်း သတ္တိကို ပေးသနား၍၊ အ​ကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော်မူသော ကျေးဇူးကို ချီးမွမ်း ထောမနာပြုပါ၏၊ ဟုဒံယေလမြွက်ဆိုပြီးမှ၊ ၂၄ ဗာဗုလုန် ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင် ခန့်ထားတော်မူသော အာရုတ်ထံသို့ သွား၍ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အ​ကျွန်ုပ်ကို အထံတော်သို့ ခေါ်သွင်းပါ။ အ​ကျွန်ုပ်သည် အိပ်မက်တော်နှင့် အနက်ကို ဖေါ်ပြ၍ လျှောက်ပါမည်၊ ဟုဆို၏။


ဒံယေလ ရှင်ဘုရင်ထံသို့သွား
CROSS REFERENCES






၂၅ ထိုအခါ အာရုတ်သည် ဒံယေလကို အလျှင်တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော်နှင့် အနက်ကို အရှင်မင်း ကြီးအား ဖေါ်ပြနိုင်သော သူတယောက်ကိုယုဒအမျိုးလက်ရလူတို့တွင်အ​ကျွန်ုပ်တွေ့ပါပြီဟုလျှောက်ဆို၏။ ၂၆ ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဖေါ်ပြနိုင်သလော၊ ဗေလတရှာဇာ အမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊ ၂၇ ဒံယေလက၊ အရှင်မင်းကြီး မေးမြန်းတော်မူသော အရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဖေါ်ပြခြင်းငှါ မတတ်နိုင်ကြပါ။ ၂၈ နက်နဲသောအရာ [D] တို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာ မင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင် တဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။ ၂၉ အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော်မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရားသည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အား ဖေါ်ပြတော်မူ၏။ ၃၀ ဤနက်နဲသော အရာကိုကား၊ အခြားသော သတ္တဝါ အပေါင်းတို့ထက် အ​ကျွန်ုပ်သာ၍ ပညာရှိသောကြောင့်၊ အ​ကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏ အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အ​ကျွန်ုပ် ပြန်ကြားလျှောက် ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော်မူ၏။


အိပ်မက်၌ရုပ်တုကြီးမြင်

၃၁ အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့် ပြည့်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဘွယ်သော ပုံသဏ္ဍာန်ကို ဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။ ၃၂ သူ၏ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။ ၃၃ ဝမ်းနှင့် ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ​ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ​ခြေဘဝါးနှင့် ဖမိုးသည် သံတပိုင်း သရွတ်တပိုင်းဖြစ်၏။ ၃၄ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည်၊ သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ ၃၅ သံ၊ သရွတ်၊ ​ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့​ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အဖျင်းကဲ့သို့(a) ဖြစ်သဖြင့်၊ လေတိုက်လွင့်၍ သူတို့နေစရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်၊ ဟုမြင်မက်တော်မူ၏။


အိပ်မက်၏အနက်ပြန်
CROSS REFERENCES






၃၆ ယခုတွင် အိပ်မက်တော်၏ အနက်ကိုဖေါ်ပြ၍ နားတော်လျှောက်ပါမည်။ ၃၇ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည်၊ နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ [E] ၃၈ လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော် လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ ၃၉ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။ ၄၀ စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့ နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ ၄၁ ရုပ်တု၏ ခြေနှင့် ခြေချောင်းတို့သည်၊ သရွတ်တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်း ကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သော သရွတ်နှင့် သံရောနှောသည် ကိုမြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။ ၄၂ ​ခြေချောင်းတို့သည် သံတပိုင်း သရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်း ဆက်ဆံလိမ့်မည်။ ၄၃ ဖုတ်သော သရွတ်နှင့် သံရောနှောသည် ကိုမြင်တော်မူသည်နှင့် လျော် စွာ၊ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖေါ်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံမရော နိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖေါ်၍ မသင့်နိုင်ကြ။ ၄၄ လက်နှင့် မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်က အလိုလိုပဲ့ကွာ၍၊ ၄၅ သံ၊ ​ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌၊ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍၊ အစဉ်အမြဲ တည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတံ့သော အရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည်၊ အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏၊ ဟုဒံယေလသည် အထံတော်၌ လျှောက်ထား၏။


ဒံယေလကိုဆုချ
CROSS REFERENCES






၄၆ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာ ပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆက်ကပ်ခြင်းငှါ၎င်း၊ စီရင်တော်မူလျက်၊ ၄၇ ကိုယ်တော်သည် ဤနက်နဲသောအရာကို [F] ဖွင့်ပြနိုင်သည် ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသော သခင်ဖြစ်တော်မူ၏၊ ဟုမိန့်တော်မူ၍၊ ၄၈ ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာတို့ကို ပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌၎င်း၊ ဗာဗုလုန် ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ၄၉ ထိုအခါ ဒံယေလသည် သံတော် ဦးတင်သောကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို၊ ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

_________________________
Footnotes


၃၅ (a) ဟေဗြဲစကားလုံး כְּע֣וּר အင်္ဂလိပ်အသံထွက် kə·‘ūr အဓိပ္ပါယ် chaff စပါးအဖျင်းကို မြန်မာကျမ်းစာအုပ်၌ "အမုန့်" ဟုဘာသာပြန်ထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.