-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၃


နေဗုခဒ်နေဇာ ရွှေရုပ်တုကြီးတည်

တရံရောအခါ နေဗုခဒ်နေဇာ မင်းကြီးသည် အမြင့် အတောင်​ခြောက်ဆယ်၊ အနံ​ခြောက်တောင်ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊ စော်ဖွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီး တည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာ ခေါ်သောပွဲသို့ စုဝေးစေခြင်းငှါ အမိန့်တော်ရှိ၍၊ စော်ဖွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထားတော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။ ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသောလူ အမျိုးမျိုးတို့၊ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ နေဗုခဒ်နေဇာ မင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်ရကြမည်။ မပြပ်ဝပ် မကိုးကွယ်သောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေ၊ ဟုအမိန့်တော်မြတ်ရှိသည်၊ ဟုဟစ်ကြော်၏။ ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုးမျိုး အပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာ မင်းကြီးတည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။


လူရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့မကိုးကွယ်

ထိုအခါ၊ ခါလဒဲလူအချို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ ၁၀ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောသူ ရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။ ၁၁ မပြပ်ဝပ် မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေဟု အမိန့်တော်မြတ်ရှိပါ၏။ ၁၂ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ယုဒလူတို့ကို ပြစ်တင်၍ လျှောက်ထားကြ၏။


နေဗုခဒ်နေဇာမင်း အလွန်အမျက်ထွက်

၁၃ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ခေါ်ချေ၊ ဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံတော်သို့ရောက်လျှင်၊ ၁၄ ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။ ၁၅ ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်း၊ ဟုမိန့်တော်မူ၏။


ဘုရားသခင်က ကွယ်လွှတ်နိုင်သည်၊ ဟုဆိုကြ

၁၆ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အ​ကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည် အကြောင်းမရှိပါ။ ၁၇ အ​ကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက၊ အ​ကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ၁၈ ထိုသို့ ကယ်လွှတ်တော် မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အ​ကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ၊ ဟုပြန်လျှောက်ကြ၏။


ရှာဒရက် မေရှက် အဗေဒနဂေါတို့ကို မီးဖိုထဲချကြ

၁၉ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကိုကြည့်ရှု၍ မျက်နှာတော်ပျက်လျက် မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါ၎င်း၊ ၂၀ ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို တုပ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ၎င်း၊ အမိန့်တော်ရှိသည်အတိုင်း၊ ၂၁ ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံအစရှိသည်တို့နှင့်တကွ တုတ်နှောင်၍၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊ ၂၂ ရှင်ဘုရင်၏ အမိန့်တော် ကြပ်တည်း၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ဆွဲချသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။ ၂၃ ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။


မီးဖိုထဲမှ သုံးယောက်ထွက်လာ

၂၄ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် အံ့ဩမိန်းမော၍ အလျှင်တဆော ထပြီးလျှင်၊ လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည်မဟုတ်လော၊ ဟုတိုင်ပင် မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏ဘုရား၊ ဟုပြန်လျှောက်ကြလျှင်၊ ၂၅ ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌ သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဍာန် ရှိသည်၊ ဟုမိန့်တော်မူ၍၊ ၂၆ မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ်ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ ​ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ထွက်၍ လာကြလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာကြ၏။ ၂၇ စော်ဖွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည်ဝိုင်း၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည်တပင်မျှ မမြှိုက်၊ ဝတ်လုံလည်း ခြားနားခြင်းမရှိ၊ မီးလောင်သော အနံ့လည်း ကင်းလွတ်၏။


နေဗုခဒ်နေဇာမင်းက ထာ၀ရဘုရားကို ဝန်ခံ

၂၈ နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီး အမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်းတို့ရှိရာသို့ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ ၂၉ ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူ အမျိုးမျိုးတို့တွင် တစုံတယောက်သော သူတို့သည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့၏ ဘုရားသခင်အား ပြစ်မှားသော စကားကိုပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေ၊ ဟုငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှ တပါး၊ အဘယ်ဘုရားမျှ မပြုနိုင်၊ ဟုမိန့်တော်မူပြီးမှ၊ ၃၀ ဗာဗုလုန်နိုင်ငံတွင်၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ချီးမြှောက်တော်မူ၏။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.