🎨
Theme Selector
Predefined Theme
ဟောရှေအနာဂတ္တိ
အခန်းကြီး ၁
ဟောရှေကို ပြည်တန်ဆာမ ယူခိုင်း
၁ ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း၊ ဣသရေလ ရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့ လက်ထက်၊ ဗေရိ၏သား ဟောရှေ
(a) သို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊
၂ သင်သွား၍ ပြည်တန်ဆာ
[A] မိန်းမနှင့်တကွ၊ သူဖွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကို စွန့်ပစ်၍
[B] အထပ်ထပ် မှားယွင်းကြပြီ၊ ဟုဟောရှေအား မှာထားတော်မူသည် အတိုင်း၊
၃ ဟောရှေသည်သွား၍ ဒိဗလိမ်သမီး ဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဖွားမြင်လေ၏။
၄ ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရေလ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကို သတ်သောအပြစ်ကြောင့်၊ ယေဟုအမျိုးကို ငါသည် ဒဏ်ပေး၍၊ ဣသရေလအမျိုး၏ နိုင်ငံကိုဆုံးစေမည်။
၅ ဣသရေလ လေးကို (bow) ယေဇရေလချိုင့်၌ ငါချိုးသော နေ့ခြင်းတွင် ထိုအမှု ပြည့်စုံလိမ့်မည်၊ ဟုမိန့်တော်မူ၏။
ဟောရှေသမီးရပြန် လောရုဟာမာ
၆ တဖန် ပဋိသန္ဓေယူ၍ သမီးကို ဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာ အမည်ဖြင့်မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလ အမျိုးကို နောက်တဖန် မသနား၊ မစုံမက်ဘဲ ဧကန်အမှန် ပယ်ရှင်းမည်။ ၇ ယုဒအမျိုးကိုကား၊ သနားစုံမက်ဦးမည်။ သို့ရာတွင် လေး၊ ဓါး၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအားဖြင့် ကယ်တင်မည်၊ ဟုမိန့်တော်မူ၏။
ဟောရှေ၌ သားမွေးပြန် လောအမ္မိ
၈ လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။ ၉ ထိုသားကို လောအမ္မိ အမည်ဖြင့်မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်မဟုတ်။ ၁၀ သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏လူမဟုတ်၊ ဟုထိုသူတို့အား ပြောဆိုရာအရပ်၌ ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သား၊ ဟုခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။ ၁၁ ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းဖေါ်၍၊ မင်းတဦးတည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြလိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။
_________________________
Footnotes
၁ (a) ဟောရှေသည် ဘီစီ ၇၆၀ မှ ၇၂၀ အတွင်းပရောဖက်ဖြစ်သည်။