ဟောရှေအနာဂတ္တိ
အခန်းကြီး ၁၂
၁ ဧဖရိမ်သည်လေကိုကျက်စားတတ်၏။ အရှေ့လေကိုလိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့်ပျက်စီးခြင်းအကြောင်းတို့ကိုများပြားစေတတ်၏။ အာရှုရိလူတို့နှင့်မိဿဟာယဖွဲ့လျက်နှင့်ပင်အဲဂုတ္တုပြည်သို့ဆီကိုယူသွားတတ်၏။ ၂ ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်းတရားတွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကိုစစ်ကြော၍သူပြုမူသည်နှင့်အညီအပြစ်ပေးတော်မူမည်။ ၃ ယာကုပ်သည်အမိဝမ်း၌ အစ်ကို၏ဖနှောင့်ကိုကိုင်၏။ ခွန်အားကြီး၍ဘုရားသခင်နှင့်ပြိုင်လေ၏။ ၄ ကောင်းကင် တမန် နှင့်ပြိုင်၍နိုင်လေ၏။ ငို၍တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားကိုဗေသလမြို့မှာဖူးတွေ့၍၊ ငါတို့အဘို့ဗျာဒိတ်တော်ကိုခံလေ၏။ ၅ ထာဝရဘုရားတည်းဟူသောနာမသည်ဘုရားသခင်၏ဘွဲ့နာမတော်ဖြစ်၏။ ၆ သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကိုစောင့်ရှောက်၍၊ သင်၏ဘုရား သခင်ကိုအစဉ်မပြတ်မြော်လင့်လော့။
၇ သူသည်ကုန်သည်ဖြစ်၏။ စဉ်းလဲသောချိန်ခွင်ကိုကိုင်တတ်၏။ သူတပါးကိုညှဉ်းဆဲခြင်းငှါအလိုရှိ၏။ ၈ သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည်ရတတ်၏။ ဘဏ္ဍာကိုသိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်မပါသောလွန်ကျူးခြင်းကိုရှာ၍မတွေ့ရာဟုဆိုလိမ့်မည်။ ၉ ငါထာဝရဘုရားသည်သင့်ကိုအဲဂုတ္တုပြည်မှကယ်နှုတ်သောသင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ်တွင်နေတတ်သကဲ့ သို့တဖန်တဲတို့၌ နေစေမည်။ ၁၀ ငါသည်ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာသောရူပါရုံတို့ကိုပြပြီ။ ပရောဖက်များအားဖြင့်ပုံပမာတို့ကိုထားပြီ။ ၁၁ ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့သည်အကျိုးနည်းရှိကြပြီ။ ဂိလဂါလ၌ နွားတို့ကို ယဇ်ပူဇော်၍၊ ယဇ်ပလ္လင်တို့သည်ထွန်ကြောင်းတွင်မြေအပုံပုံရှိသကဲ့သို့များကြ၏။ ၁၂ ယာကုပ်သည်ရှုရိပြည်သို့ပြေး၏။ ဣသရေလသည်မယားကိုရခြင်းငှါအစေကျွန်ခံ၍သိုးစုကိုထိန်းရလေ၏။ ၁၃ ထာဝရဘုရားသည်ပရောဖက်အားဖြင့်ဣသရေလကိုအဲဂုတ္တုပြည်မှကယ်နှုတ်၍ပရောဖက်အားဖြင့်လည်းစောင့်မတော်မူ၏။ ၁၄ ဧဖရိမ်သည်အမျက်တော်ကိုအလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကိုသတ်သောအပြစ်သည်သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်းအပြစ်ကိုသူ၏သခင်သည်ပြန်ပေးလိမ့်မည်။