ဟောရှေအနာဂတ္တိ
အခန်းကြီး ၄
၁ အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည်သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကိုမသိကြ။ ၂ ကျိန်ဆဲခြင်း၊ မုသာစကားကိုပြောခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကိုပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ်အထပ်ထပ်ရှိကြ၏။ ၃ ထိုကြောင့်၊ ပြည်သည်ငြိုငြင်လိမ့်မည်။ ပြည်သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုးကောင်းကင်ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပယ်လယ်ငါးတို့သည်လည်းကုန်ကြလိမ့်မည်။ ၄ သို့ရာတွင်၊ အဘယ် သူမျှမဆီးတားစေနှင့်။ အဘယ်သူမျှမဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏အမျိုးသားချင်းတို့သည်ယဇ်ပုရောဟိတ်နှင့်ဆန့်ကျင်ဘက်ပြုသောသူကဲ့သို့ဖြစ်ကြ၏။ ၅ ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညအချိန်၌ သင်နှင့်အတူပရောဖက်သည်လည်းလဲရလိမ့်မည်။ သင့်အမိကိုလည်းငါဖျက်ဆီးလိမ့်မည်။ ၆ ငါ့လူတို့သည်ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့မရောက်စေခြင်းငှါသင့်ကိုငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကိုသင်မေ့လျော့သောကြောင့်၊ သင့်၏သားသမီးတို့ကိုငါမေ့လျော့မည်။ ၇ သူတို့သည်ဘုန်းတိုးပွါးသည်အတိုင်းငါ့ကိုပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ဘုန်းကိုငါအရှက်ကွဲစေမည်။ ၈ ငါ့လူတို့၏အပြစ်ဖြေရာယဇ်တို့ကိုစားလျက်နှင့်ပင်၊ ထိုအပြစ်ကိုစိတ်စွဲလမ်းတတ်ကြ၏။ ၉ ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ယဇ်ပုရောဟိတ်တို့၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကိုငါစစ်ကြော၍၊ အသီးအသီးပြုမူသမျှအတိုင်းအကျိုးအပြစ်ကိုပေးမည်။ ၁၀ သူတို့သည်စား၍မဝရကြ။ မတရားသောမေထုန်ကိုပြု၍ သားသမီးကိုမဖွားမြင်ရကြ။ ၁၁ အကြောင်းမူကား၊ စိတ်နှလုံးကိုယစ်မူးစေတတ်သောကာမဂုဏ်၌ ပျော်မွေ့ခြင်း၊ စပျစ်ရည်နှင့်သေရည်သေရက်ကိုသောက်ခြင်း၌ မှီဝဲသောကြောင့်၊ ထာဝရဘုရားကိုစွန့်ပစ်ကြပြီ။
၁၂ ငါ့လူတို့သည်သစ်သားနှင့်တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည်အကြံပေးတတ်၏။ ကိလေသာစိတ်အားကြီး သောကြောင့်၊ သူတို့သည်လည်းလမ်းလွှဲ၍မိမိတို့ဘုရားသခင့်ထံမှမနေ၊ မှားယွင်းတတ်ကြ၏။ ၁၃ တောင်ထိပ်ပေါ်၊ ကုန်းပေါ်မှာ၎င်း၊ အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနာပင်အောက်မှာ၎င်း၊ ယဇ်ပူဇော်၍နံ့သာပေါင်းကိုမီးရှို့တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည်ယောက်ျားနှင့်မှားယွင်း၍၊ ချွေးမတို့သည်နောက်မီးလင်းတတ်ကြ၏။ ၁၄ သင်တို့သမီးတို့သည်ယောက်ျားနှင့်မှားယွင်း၍၊ ချွေးမတို့သည်လည်းနောက်မီးလင်းသော်လည်းငါမစစ်ကြော။ အကြောင်းမူကား၊ယောက်ျားတို့သည်ကိုယ်မယားကို စွန့်ပစ်၍၊ ပြည်တန်ဆာတို့နှင့်ပေါင်းဖေါ်တတ်ကြ၏။ မိန်းမရွှင်တို့နှင့်အတူယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍၊ ပညာမရှိသောသူတို့သည်ဆုံးရှုံးကြလိမ့်မည်။
၁၅ အိုဣသရေလအမျိုး၊ သင်သည်ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒအမျိုးကိုမမှားယွင်းပါစေနှင့်။ ဂိလဂါလသို့မချဉ်းကပ်ကြနှင့်။ ဗေသဝင်မြို့သို့မသွားကြနှင့်။ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်းဟူ၍မကျိန်ဆိုကြနှင့်။ ၁၆ ဣသရေလအမျိုးသည်ရုန်းတတ်သောနွားမကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရားသည်ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလအမျိုးကိုပြုတော်မူမည်။ ၁၇ ဧဖရိမ်သည်ရုပ်တုတို့၌ စွဲကပ်လျက်ရှိ၏။ သူတို့တတ်တိုင်းရှိစေလော့။ ၁၈ သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည်အထပ်ထပ်မတရားသောမေထုန်ကိုပြုကြပြီ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ။ ၁၉ လေသည်မိမိအတောင်တို့နှင့်တိုက်၍ပါသွားမည်။ သူတို့သည်မိမိတို့ပူဇော်သောယဇ်များကြောင့်ရှက်ကြလိမ့်မည်။