ဟောရှေအနာဂတ္တိ
အခန်းကြီး ၆
၁ လာကြ။ ထာဝရဘုရားထံသို့ပြန်ကြကုန်အံ့။ ကိုယ်တော်သည်ကိုက်ဖြတ်သော်လည်းပကတိဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်းအနာကိုစည်းတော်မူမည်။ ၂ နှစ်ရက်လွန်ပြီးမှငါတို့ကိုအသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည်အသက်ရှင်ကြလိမ့်မည်။ ၃ ပညာကိုလည်းရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည်နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့်မြေအပေါ်သို့ရွာသောနောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
၄ အိုဧဖရိမ်၊ သင်၌ အဘယ်သို့ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌ အဘယ်သို့ငါပြုရမည်နည်း။ သင်တို့ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့၎င်း၊ စောစောပျောက်တတ်သောနှင်းကဲ့သို့၎င်းဖြစ်၏။ ၅ ထိုကြောင့်သူတို့ကိုပရောဖက်များအားဖြင့်ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့်သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်းထွန်းလင်းသောအလင်းကဲ့သို့ဖြစ်ကြပြီ။ ၆ ယဇ်ပူဇော်ခြင်းအကျင့်ထက်သနားခြင်းကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက်ဘုရားသခင်နှင့်ကျွမ်းဝင်ခြင်းကို၎င်းငါနှစ်သက်၏။ ၇ သူတို့သည်အာဒံကဲ့သို့ပဋိညာဉ်ကိုလွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကိုဖျက်ကြပြီ။ ၈ ဂိလဒ်မြို့သည်အဓမ္မပြုသောသူတို့နေရာဖြစ်၍၊ လူအသွေးနှင့်စွန်းသောခြေရာများ၏။ ၉ ထားပြအလုံးအရင်းသည်ခရီးသွားသောသူကိုချောင်း၍ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ်အပေါင်းအသင်းသည်ရှေခင်မြို့သို့သွားသောလမ်း၌ ပင်အသက်ကိုသတ်တတ်ကြ၏။ ၁၀ အကယ်စင်စင်အဓမ္မအမှုကိုပြုတတ်ကြ၏။ ကြောက်မက်ဘွယ်သောအမှုကိုဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည်မှားယွင်းတတ်၏။ ဣသရေလသည်ညစ်ညူးခြင်းရှိ၏။ ၁၁ ထိုမှတပါး၊ အိုယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကိုငါဆောင်ခဲ့ပြန်သောအခါ၊ စပါးရိတ်ရာကာလသည်သင့်အဘို့ခန့်ထားလျက်ရှိ၏။