ဧသတာ၀တ္ထု
အခန်းကြီး ၇
ဧသတာက ဟာမန်၏အကြံကို ရှင်ဘုရင်အားပြော
၁ တဖန် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရား ဧသတာနှင့်အတူ စပျစ်ရည် သောက်အံ့သောငှါ သွားကြ၏၊၊ ၂ ဒုတိယနေ့ရက်၌ စပျစ်ရည် သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရား ဧသတာသင်သည် အဘယ်အလိုရှိသနည်း၊၊ အလိုရှိသည်အတိုင်း ငါပေးမည်၊၊ အဘယ်ဆုကို တောင်းချင်သနည်း၊၊ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်၊ ဟုမိန့်တော်မူလျှင် ၃ မိဖုရား ဧသတာက အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်၎င်း၊ အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မ အလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မ တောင်းပန်သည်အတိုင်း၊ အမျိုးသားချင်း အသက်ကို ချမ်းသာပေးတော်မူပါ၊၊ ၄ ကျွန်တော်မနှင့် ကျွန်တော်မ အမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ၊၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ ဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်၊ ဟုလျှောက်လေ၏၊၊ ၅ ရှင်ဘုရင် အာရွှေရုကလည်း ထိုသို့ပြုမည်၊ ဟုကြံဝံ့သောသူကား အဘယ်သူနည်း၊၊ အဘယ်မှာ ရှိသနည်း၊ ဟုမိဖုရားဧသတာအား မေးတော်မူလျှင် ၆ ဧသတာက ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏၊ ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့် မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏၊၊
ဟာမာကို သူလုပ်သော တိုင်၌ လည်ဆွဲချကြ
၇ ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျည်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏၊၊ အပြစ်ပေးတော်မူမည်၊ ဟုဟာမန်သည် ရိပ်မိ၍ အသက်ချမ်းသာ ရမည်အကြောင်း၊ မိဖုရား ဧသတာရှေ့မှာ တောင်းပန်ခြင်းငှါ ထ၏၊၊ ၈ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက် နေသည်ကိုမြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လော၊ ဟုမိန့်တော်မူစဉ်တွင် အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏၊၊ ၉ မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲအဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည် ဟာမန်အိမ်၌ စိုက်ထားလျက်ရှိပါ၏၊ ဟုနားလျှောက်သော်မူသော်၊ ထိုတိုင်၌ လည်ဆွဲချစေ၊ ဟုရှင်ဘုရင် မိန့်တော်မူ၏၊၊ ၁၀ ထိုသို့ မော်ဒကဲအဘို့ လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏၊၊ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။