ဧသတာ၀တ္ထု
အခန်းကြီး ၆
မော်ဒကဲရှေ့၌ ဟာမန်ရှုံးစပြု
၁ ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့၊ ဟုမိန့်တော်မူ၍ ရှေ့တော်၌ ဖတ်ရကြ၏၊၊ ၂ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်၊ ဟုရှာကြံသော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဖေါ်ပြကြောင်းကို တွေ့လျှင် ၃ ရှင်ဘုရင်က ထိုအကြံကို ဖေါ်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆု အဘယ်အရာကို ပေးပြီးနည်း၊ ဟုမေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့က အဘယ်ဆုကိုမျှ ပေးတော်မမူသေးပါ၊ ဟုပြန်လျှောက်ကြ၏၊၊ ၄ ရှင်ဘုရင်ကလည်း တန်တိုင်းတွင်း၌ အဘယ်သူရှိသနည်း၊ ဟုမေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့်သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည်အကြောင်း၊ နန်းတော် ပြင်တန်တိုင်းတွင်းသို့ ဝင်မိသည်ဖြစ်၍ ၅ ရှင်ဘုရင်၏ ကျွန်တို့က ဟာမန်သည် တန်တိုင်းတော်တွင်း၌ ရှိပါ၏၊ ဟုလျှောက်ကြသော်၊ အထဲသို့ဝင်စေ၊ ဟုမိန့်တော်မူ၏၊၊ ၆ ဟာမန်သည် ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသောသူ၌ အဘယ်သို့ ပြုသင့်သနည်း၊ ဟုမေးတော်မူလျှင်၊ ဟာမန်ကငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသော သူတစုံတယောက် ရှိနိုင်သလော၊ ဟုစိတ်ထဲမှာ အောက်မေ့လျက်၊ ၇ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ အဘို့၊ ၈ ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက်တန်ဆာ၊ ရှင်ဘုရင် စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသော ရာဇသရဖူကို ယူခဲ့၍ ၉ ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီးသော မှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ်တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီးလျှင်၊ မြို့တော် လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်၊ ဟုသူ့ရှေ့မှာ ကြွေးကြော်ပါစေ၊ ဟုရှင်ဘုရင်အား ပြန်လျှောက်လေ၏၊၊ ၁၀ ထိုအခါ ရှင်ဘုရင်က သင်ပြောသည်အတိုင်း အလျှင်အမြန်သွား၍ အဝတ်တန်ဆာနှင့် မြင်းတော်ကိုယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့၊၊ သင်ပြောသမျှတွင် တစုံတခုမျှ မလပ်စေနှင့်၊ ဟုဟာမန်အား မိန့်တော်မူ၏၊၊ ၁၁ ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကိုယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်စီးစေသဖြင့် မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်၊ ဟုသူ့ရှေ့မှာ ကြွေးကြော်၏။ ၁၂ သို့ပြီးမှ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏၊၊ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကိုခြုံလျက်၊ မိမိအိမ်သို့ အလျှင်အမြန် သွားပြီးလျှင်၊ ၁၃ မိမိ၌ ဖြစ်လေသမျှကို မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက်နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော်ရှုံးစရှိသော မော်ဒကဲသည် ယုဒအမျိုးမှန်လျှင်၊ ကိုယ်တော်သည် သူ့ကိုမနိုင်၊၊ သူ့ရှေ့မှာ ဧကန်အမှန် ရှုံးရမည်၊ ဟုပြန်ပြောကြ၏၊၊ ၁၄ ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော် မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သော ပွဲသို့ ဟာမန်ကို အလျှင်အမြန် ခေါ်သွားကြ၏၊၊