ဧသတာ၀တ္ထု
အခန်းကြီး ၅
ဧသတာရှင်ဘုရင်ကို ဟာမန်နှင့် ပွဲပြင်ဆင်ပေး
၁ သုံးရက် မြောက်သောနေ့၌ ဧသတာသည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင်၍ နန်းတော် အဆောင်မတဘက်တချက်၌၊ နန်းတော် အတွင်းတန်တိုင်းထဲမှာ ရပ်နေ၏၊၊ ရှင်ဘုရင်သည် နန်းတော်တခါး တဘက်တချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏၊၊ ၂ မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင် နူးညွှတ်သောစိတ်ရှိ၍ လက်တော်၌ ပါသော ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့် ဧသတာသည် ချဉ်းကပ်၍၊ ရာဇလှံတံတော် အထွဋ်ကို တို့လေ၏၊၊ ၃ ရှင်ဘုရင်ကလည်း မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း၊၊ အဘယ်ဆုကို တောင်းချင်သနည်း၊၊ တောင်းသမျှကို နိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည်၊ ဟုမိန့်တော်မူလျှင် ၄ ဧသတာက အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီး အဘို့ ကျွန်တော်မ ပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါ၊ ဟုလျှောက်သော် ၅ ရှင်ဘုရင်က ဧသတာလျှောက်သည် အတိုင်း ပြုအံ့သောငှါ ဟာမန်သည် အလျှင်အမြန်လာစေ၊ ဟုမိန့်တော်မူသဖြင့်၊ ဧသတာ ပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ရှင်ဘုရင် ကြွတော်မူ၏၊၊
ဧသတာက ရှင်ဘုရင်နှင့် ဟာမန်ကိုထံဘိတ်
၆ တဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က သင်သည် အဘယ်သို့ အလိုရှိသနည်း၊၊ အလိုရှိသည်အတိုင်း ငါပေးမည်၊၊ အဘယ်ဆုကို တောင်းချင်သနည်း၊၊ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်၊ ဟုဧသတာအား မိန့်တော်မူလျှင် ၇ ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သောဆု၊ ဟုမူကား၊ ၈ ကျွန်တော်မကို အရှင်မင်းကြီး၏ စိတ်နှင့် တွေ့တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မ ပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ၊၊ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်၊ ဟုပြန်လျှောက်လေ၏၊၊
ဟာမန်က မော်ဒကဲအတွက်လည် ဆွဲတိုင်လုပ်
၉ ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာ မထ၊ အလျှင်းမလှုပ်ဘဲ နေသည်ကို မြင်သောအခါ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏၊၊ ၁၀ သို့ရာတွင် မိမိစိတ်ကိုချုပ်တည်း လျက်သွား၍ မိမိအိမ်သို့ ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင် ၁၁ မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖေါ်ပြလျက်၊ ၁၂ မိဖုရားဧသတာသည် မိမိပြင်ဆင်သော ပွဲသို့ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ၊၊ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏၊၊ ၁၃ သို့ရာတွင် ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖေါ်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိ၊ ဟုဆို၏၊၊ ၁၄ ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကို စိုက်ပါစေ၊၊ ထိုတိုင်၌ မော်ဒကဲကို လည်ဆွဲချစေမည်အကြောင်း နက်ဖြန် သံတော်ဦးတင်လော့၊၊ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့၊ ဟုပြောဆိုသော စကားကို ဟာမန်သည် နှစ်သက်၍ လည်ဆွဲချတိုင်ကို လုပ်စေ၏၊၊