ဧသတာ၀တ္ထု
အခန်းကြီး ၂
အာရွှေရု ရှင်ဘုရင် မိဖုရားသစ် ရှာတော်ပုံဖွင့်
၁ တဖန် ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေသောအခါ ဝါရှတိကို၎င်း၊ သူပြုသောအမှုနှင့် သူတဘက်၌ စီရင်သောအမှုကို၎င်း၊ အောက်မေ့တော်မူ၏၊၊ ၂ အထံတော်၌ ခစားသောကျွန်တော်တို့ကလည်း အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ၊၊ ၃ အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲ၌ အပ်စေခြင်းငှါ နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ၊၊ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ၊၊ ၄ နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ၌ ခန့်ထားတော်မူပါ၊ ဟုလျှောက်သောစကားကို ရှင်ဘုရင် နှစ်သက်၍ ထိုသို့စီရင်တော်မူ၏၊၊
ဗင်္ယာမိန်အမျိုး မောဒကဲ၏ တဝမ်းကွဲဧသတာ
၅ ထိုကာလတွင် ရှုရှန်မြို့တော်၌ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည်ရှိသော ယုဒလူတယောက်ရှိ၏၊၊ ၆ ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသောလူစု၌ ပါသတည်း၊၊ ၇ ထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏၊၊ ထိုသတို့ သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏၊၊ မိဘသေသောအခါ မော်ဒကဲသည် ယူ၍၊ ကိုယ်သမီးကဲ့သို့ မှတ်သတည်း၊၊
ဧသတာကို နန်းတော်၌ သွင်း
၈ ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သောအခါ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုးဟေဂဲ၌ အပ်ရာတွင် ဧသတကိုလည်း နန်းတော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏၊၊ ၉ ဧသတာသည် ဟေဂဲစိတ်နှင့် တွေ့၍၊ မျက်နှာရသဖြင့် ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့်ပေးရသော အဝတ်အစားကို အလျှင်အမြန်ပေး၏၊၊ နန်းတော်၌ ရွေးကောက်သော ကျွန်မ ခုနစ်ယောက်တို့ကိုလည်း ပေး၍၊ ဧသာတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသော နေရာ၌ ချီးမြှောက်လေ၏၊၊ ၁၀ ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာတကာကို မဖေါ်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေးသည်အတိုင်း မဖေါ်မပြနေ၏၊၊ ၁၁ ဧသတာသည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို၎င်း၊ မော်ဒကဲသည် သိခြင်းငှါ အပျို တော် နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏၊၊
အပျိုတော်များ ရှင်ဘုရင်ထံဝင်နည်း
၁၂ ထိုအပျိုတော်တို့ ထုံးစံအတိုင်း တနှစ်စေ့သောအခါ တယောက်နောက် တယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင် အာရွှေရုထံသို့ ဝင်ရ၏၊၊ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍ စင်ကြယ်ခြင်း အမှုပြီးသည် တိုင်အောင် ထိုမျှကာလကို လွန်စေရ၏၊၊ ၁၃ ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင် နန်းတော်သို့ ယူသွားရ၏။ ၁၄ ညဦးအချိန်၌ ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရှဂါဇစောင့်သော ဒုတိယ မိန်းမနန်းသို့ပြန်ရ၏၊၊ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့ မဝင်ရ၊၊
ဧသတာကို မိဖုရားအရာတင်
၁၅ မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေးအဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍ ရှင်ဘုရင်ထံသို့ ဝင်ရသောအခါ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကို မျှမတောင်း၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ၏၊၊ ၁၆ ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင် ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင် ၁၇ အခြားသော သမီးကညာ အပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကို နူးညွတ်စေ၍ အထံတော်၌ မျက်နှာရသဖြင့် ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက်၊ ဧသတာကိုသာ၍ ချစ်သောကြောင့် သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏၊၊ ၁၈ ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော် မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့် နိုင်ငံတော် တိုင်းပြည်တို့ကို မင်းမှုလွှတ်၍ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ၏။ ၁၉ သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေးသောအခါ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်၏၊၊ ၂၀ ဧသတာသည် မော်ဒကဲထံ မွေးမြူခြင်းကိုခံ၍ နေစဉ်အခါ သူ၏စကားကို နားထောင်သည် နည်းတူ၊ နားထောင်သေးသည်ဖြစ်၍ မော်ဒကဲ သတိပေးသည်အတိုင်း မိမိအမျိုး၊ မိမိဆွေညာတကာတို့ကို မဖေါ်မပြဘဲ နေသတည်း၊၊
ရှင်ဘုရင်ကို လုပ်ကြံဘို့ ကြံစည်သူ မော်ဒကဲကဖေါ်ပြ
၂၁ ထိုကာလတွင် မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်စဉ်၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင်အာရွှေရုကို လုပ်ကြံမည်၊ ဟုအားထုတ်ကြ၏၊၊ ၂၂ ထိုအမှုကို မော်ဒကဲသိ၍ မိဖုရား ဧသတာအား ဖေါ်ပြ၏၊၊ ထိုသို့ မော်ဒကဲ ဖေါ်ပြကြောင်းကို ဧသတာသည် ရှင်ဘုရင်အား လျှောက်လေ၏၊၊ ၂၃ ထိုအမှုကိုစစ်ကြော၍အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကိုသစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်၊ ရှေ့နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း၊၊