ဧသတာ၀တ္ထု
အခန်းကြီး ၄
မော်ဒကဲနှင့် ယုဒလူများ ငိုကြွေး၍ အစာရှောင်ကြ
၁ ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ မိမိအဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သော အသံနှင့် ငိုကြွေးလေ၏၊၊ ၂ လျှော်တေ အဝတ်ကိုဝတ်လျက် နန်းတော်တံခါးထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါးရှေ့မှာ ရပ်နေ၏၊၊ ၃ ရှင်ဘုရင် အမိန့်တော် စာရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေး မြည်တမ်းခြင်းကိုပြု၍၊ လူများတို့သည် ပြာနှင့် လျှော်တေအဝတ်၌ အိပ်ကြ၏၊၊ ၄ မော်ဒကဲအမှုကို ဧသတာ၏ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကိုပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက်သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲ နေ၏၊၊
မော်ဒကဲက အမှုကိစ္စကို ဧသတာပြော
၅ တဖန်ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကိုခေါ်၍ အဘယ်အမှုရှိသနည်း၊၊ အဘယ်ကြောင့် ဤသို့ပြုသနည်း၊ ဟုမော်ဒကဲကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း၊ ၆ ဟာထက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်း သို့သွား၍ ၇ မော်ဒကဲသည် မိမိ၌ ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ငွေမည်မျှကိုဘဏ္ဍာ တော်တိုက်ထဲသို့ သွင်းပါမည်၊ ဟုဂတိထားကြောင်းကို၎င်း၊ ကြားပြောလျက်၊ ၈ ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ရှုရှန်နန်းတော်၌ ထုတ်သော အမိန့်တော် စာလက်ခံကို ဧသတာအားပြဘို့ ပေး၍၊ ဧသတာသည် မိမိလူမျိုးအဘို့ တောင်းလျှောက်ခြင်းငှါ၊ ရှင်ဘုရင်ထံတော်သို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏၊၊ ၉ ဟာတက်သည်လည်း လာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏၊၊
ဧသတာသည် ဘုရင်ထံမဝင်နိုင်
၁၀ တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊ ၁၁ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာ ရမည်အကြောင်း ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း၊ အမိန့်တော်ရှိသည်ကို ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည် သား များအပေါင်းတို့သည် သိကြ၏၊၊ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင် ထံတော်သို့ ခေါ်တော်မမူ၊ ဟု၁၂ ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသောအခါ၊
ဧသတာနှင့် ယုဒလူများ အစာရှောင်
မော်ဒကဲက အခြားသော ယုဒလူ အသက်မလွတ်လျှင်၊ ၁၃ နန်းတော်၌ နေသော်လည်း သင့်အသက် လွတ်မည်၊ ဟုမထင်နှင့်၊၊ ၁၄ ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင် သင့်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍ ယုဒလူတို့အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည်၊၊ ယခုအမှုကို ဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်၊ ဟုထင်စရာရှိသည် မဟုတ်လော၊ ဟုဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏၊၊ ၁၅ ဧသတာကလည်း ရှုရှန်မြို့၌ ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှါ သွားပါ၊၊ နေ့ညမပြတ် သုံးရက်ပတ်လုံး မစားသောက်ဘဲ နေ၍ အကျွန်ုပ်အဘို့ အစာရှောင်ခြင်း အကျင့်ကို ကျင့်ကြပါ၊၊ အကျွန်ုပ်သည်လည်းကျွန်မတို့နှင့်တကွ အစာရှောင်ခြင်း အကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်၊ သေလျှင် အသေခံပါမည်၊ ဟုမော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက်သမျှအတိုင်း မော်ဒကဲသည် သွား၍ပြုလေ၏၊