အာမုတ် အနာဂတ္တိ
အခန်းကြီး ၉
ထာ၀ရဘုရား လက်မှမလွတ်နိုင်
၁ တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက် မိန့်တော်မူသည်ကား၊ ရှိသမျှသော သူတို့၏ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့ သားမြေးများကိုလည်း ဓါးနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။ ၂ မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ [A] မိုးကောင်ကင်သို့ တက်သော်လည်း ငါချမည်။ [B] ၃ ကရမေလ တောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက်၌ ပုန်းရှောင်သော်လည်း၊ ငါသည်နဂါးကို မှာလိုက်၍ ကိုက်စေမည်။ ၄ ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ဓါးကိုမှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။
ဘုရား၏အစွမ်းအစ
၅ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည်အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။ ၆ အထက်အခန်းတော်တို့ကို ကောင်းကင်၌ ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ၇ အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည် မဟုတ်လော။ ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိလူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လော၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
အပြစ်ရှိသော တိုင်းနိုင်ငံကို သုတ်သင်ပယ်ရှင်းမည်
၈ အရှင် ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ် အမျိုးကို ရှင်းရှင်း မဖျက်ဆီး၊ ဟုမိန့်တော်မူ၏။ ၉ တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။ ၁၀ ဘေးဥပဒ်သည် ငါတို့ကိုမမှီနိုင်။ မဆီးတားနိုင်၊ ဟုဆိုလျက်၊ အပြစ်များသော ငါ၏ လူအပေါင်းတို့သည် ဓါးဖြင့် သေရကြလိမ့်မည်။ ၁၁ ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့်သမုတ်သော တပါးအမျိုးသား အပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊ ၁၂ လဲလျက်ရှိသော ဒါဝိဒ်၏ တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်၊ ဟုဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏။
ဣသရေလ အမျိုးသားတို့ကို ပြန်ပြုစုမည်
၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသောသူကို၎င်း မှီလျက်၊ တောင်တို့မှချိုသော စပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသော ကာလ ရောက်လိမ့်မည်။ ၁၄ သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသော မြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကိုစိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။ ၁၅ သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရ၊ ဟုသင်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
ပရောဖက် အာမုတ် စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။