အာမုတ် အနာဂတ္တိ
အခန်းကြီး ၆
ငြိမ်သက်စွာ စိုးရိမ်ခြင်း မရှိသူတို့ အမင်္ဂလာ
၁ ဇိအုန်မြို့၌ ငြိမ်သက်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက် နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလ အမျိုးဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ၂ ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှ ဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံထက် သာ၍ကောင်းသလော။ သူတို့ နယ်အပိုင်းအခြားသည် သင်တို့နယ် အပိုင်းအခြားထက်သာ၍ ကျယ်သလော။ ၃ ဆိုးယုတ်သော နေ့ရက်ကိုရွေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာ တည်စေခြင်း၊ ၄ ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာ လျောင်းခြင်း၊ သိုးစုထဲက သိုးငယ်တို့ကို၎င်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊ ၅ တယောထိုးသံနှင့် ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာ တူရိယာ မျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊ ၆ စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ် အမျိုးဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲ နေသော၊ ၇ ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ပျောက်ရလိမ့်မည်။
မြို့တော်နှင့်မြို့၌ ရှိသမျှဘုရားကစွန့်မည်
၈ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကို ငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကို မုန်းသောကြောင့်၊ မြို့တော်နှင့်မြို့၌ ရှိသမျှကို ငါစွန့်ပစ်မည်။ ၉ အိမ်တဆောင်တွင် လူတကျိပ် ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။ ၁၀ ပေါက်ဖေါ်တော်၍ မီးဖြင့် သင်္ဂြိုလ်ရသောသူသည်၊ အိမ်ထဲက အသေကောင်ကိုထုတ်၍ ချီသွားသောအခါ၊ အိမ်အတွင်းတွင် ရှိသောသူကိုခေါ်၍၊ သင်၌ တစုံတယောက် ကျန်ကြွင်းသေးသလော၊ ဟုမေးသော်၊ မကျန်ကြွင်း၊ ဟုပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိ၊ ဟုပြောဆိုလိမ့်မည်။ ၁၁ အကြောင်းမူကား၊ ထာဝရဘုရား အမိန့်တော်ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော်မူလိမ့်မည်။ ၁၂ မြင်းသည်လည်း ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည်လည်း ကျောက်ပေါ်မှာ နွားနှင့်ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက်ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။ ၁၃ အချဉ်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီ မဟုတ်လော၊ ဟုဆိုတတ်ကြသည်တကား။ ၁၄ အကယ်စင်စစ်၊ အိုဣသရေလအမျိုး၊ သင်တို့တဘက်၌ လူတမျိုးကို ငါထစေ၍၊ ထိုလူမျိုးသည် ဟာမတ်မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်၊ ဟုကောင်းကင်ဗိုလ်ရှင် အရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။