မိက္ခာ အနာဂတ္တိ
အခန်းကြီး ၃
၁ ငါဆိုသည်ကား၊ အိုယာကုပ်အမျိုးမင်း၊ ဣသရေလ အမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။ ၂ သုစရိုက်ကိုမုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ ကပ်သော အသားကို၎င်း ဆွဲယူလျက်၊ ၃ ငါ့လူတို့၏ အသားကိုစားလျက်၊ အရေကိုခွါလျက်၊ အရိုးတို့ကိုချိုးလျက်၊ ဟင်းအိုး၌ ချက်သောသားတစ်၊ အိုးကင်း၌ ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊ ၄ သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြသော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည်နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့်မည်။ ၅ ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်း အကြောင်းရှိသည်၊ ဟုကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူတို့ကား၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊ ၆ သင်တို့သည် ရူပါရုံကို မမြင်နိုင်မည် အကြောင်း ညအချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင်မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။ ၇ ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြလိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက်ကြလိမ့်မည်။ ဘုရားသခင် ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၈ ငါမူကား၊ ယာကုပ် အမျိုးလွန်ကျူးခြင်း၊ ဣသရေလ အမျိုးပြစ်မှားခြင်းကို သူတို့အား ဖေါ်ပြနိုင်မည်အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။ ၉ ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်းသော တရားကိုဖျက်လျက်၊ ၁၀ လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း၊ ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလ အမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ ၁၁ မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ် မရောက်နိုင်၊ ဟုဆိုတတ်ကြသည်တကား။ ၁၂ ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။