၁ ယောဟန် ဩဝါဒစာ
အခန်းကြီး ၅
ပညတ်တော်ကိုစောင့်သောသူသည်ဘုရားသခင်ကိုချစ်
၁ ယေရှုသည် ခရစ်တော် ဖြစ်တော်မူသည်ကို၊
[A] ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖွားစေ
(a) တော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည်၊ သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊
၂ ငါတို့သည်ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။
၃ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည်၊ ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။
ယုံကြည်ခြင်းသည်လောကကိုအောင်
၄ ဘုရားသခင်၏ သားဖြစ်သောသူမည်သည်ကား၊ လောကကိုအောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ ၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို၊ ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
သက်သေခံသုံးပါး
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်။ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း၊ ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်၍ [B]သက်သေခံတော်မူ၏။ ၇ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍၊ ထိုသုံးပါးတို့သည်၊ တလုံးတဝတည်းဖြစ်တော်မူ၏။ ၈ မြေကြီးပေါ်၌ လည်းဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါရှိ၍၊ ထိုသုံးပါးတို့သည် တညီတ ညွတ်တည်းဖြစ်၏။
ဘုရား၏သက်သေတော်ယုံရမည်
၉ လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို၊ သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသောသက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို၊ သက်သေခံတော်မူချက်ဖြစ်သတည်း။ ၁၀ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏ အကြောင်းမှာ၊ သက်သေခံတော်မူသော စကားတော်ကိုထိုသူသည် မယုံဘဲနေ၏။
ဘုရားသခင်သည်ငါတို့အားအသက်ကိုပေး
၁၁ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ ပါ၏။ [C] ၁၂ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ၁၃ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည်၊ ထာဝရအသက်ကို ကိုယ်တိုင်ရသည်၊ ဟုသိစေခြင်းငှါ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။
အလိုတော်နှင့်အညီတောင်းလျှင်ရမည်
၁၄ ငါတို့သည်ဘုရားသခင့်အထံတော်၌ ၊ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ၊ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ၁၅ ဆုတောင်းသမျှသော စကားတို့ကို၊ နားထောင်တော်မူသည် ကိုငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကိုရမည်၊ ဟုသိရကြ၏။
သေပြစ်မသင့်သောဒုစရိုက်အတွက်ဆုတောင်းပေး
၁၆ ညီအစ်ကိုချင်းသည်၊ သေပြစ်မသင့်သော ဒုစရိုက်ကိုပြုမိသည်ကို၊ တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကိုမပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ၊ ဆုတောင်းရမည်၊ ဟုငါမဆို။ ၁၇ မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။ ၁၈ ဘုရားသခင်၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူသည်၊ မိမိကို မိမိစောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကိုမထိမခိုက်နိုင်ရာ။
ငါတို့သည်ဘုရားနှင့်ဆိုင်
၁၉ ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း၊ ငါတို့သိကြ၏။ ၂၀ ဘုရားသခင်၏ သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌ ၎င်း၊ သားတော်ယေရှုခရစ်၌ ၎င်း၊ ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ ၂၁ ချစ်သားတို့ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။
_________________________
Footnotes
(a) မြန်မာကျမ်းစာအုပ်၌ "ဖြစ်ဘွားစေ" ဟုရေးထားသည်။
ရှင်ယောဟန်ဩဝါဒစာပဌမစောင်ပြီး၏။