ယောန၀တ္ထု
အခန်းကြီး ၄
ယောနစိတ်ညစ်၍ သေဘို့ ဆုတောင်း
၁ ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အိုထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ် ဤသို့ပြောပါပြီ မဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ ၂ ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြု ချင်သောသဘော၊ အပြစ်ဒဏ်ပေးမည်အမှုကို နောင်တရတတ်သော သဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ၃ သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းသည်သာ၍ ကောင်းပါသည်၊ ဟုတောင်းလျှောက်လေ၏။ ၄ ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလော၊ ဟုမေးတော်မူ၏။
ယောနကြက်ဆူပင်ကြောင့်သေချင်
၅ ယောနသည်မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ၆ အရှင် ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန် အားရဝမ်းမြောက်၏။ ၇ နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင် ခန့်ထားတော်မူသော ပိုးကောင်သည်၊ ကြက်ဆူပင်ကိုကိုက်၍ ညှိုးနွမ်းစေ၏။ ၈ နေထွက်သောအခါ၊ ဘုရားသခင်သည် အလွန်ပူသော အရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည်မော၍ သေချင်သော စိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ကောင်းသည်၊ ဟုမြည်တမ်းလေ၏။
လက်ဝဲလက်ျာမျှမသိသောနိနေဝေမြို့ကိုဘုရားနှမြော
၉ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလော၊ ဟုမေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်၊ ဟုလျှောက်ဆို၏။ ၁၀ ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညချင်းတွင်ပေါက်၍ တညချင်းတွင်သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ ၁၁ ငါသည် များစွာသော တိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လော၊ ဟုမိန့်တော်မူ၏။
ပရောဖက်ယောန၏ဝတ္ထုပြီး၏။