သုတ္တံကျမ်း
အခန်းကြီး ၂၆
၁ နွေကာလ၌ မိုးပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ၌ မိုးရေကဲ့သို့၎င်း၊ မိုက်သောသူသည်ဂုဏ်အသရေကိုမခံသင့်၊၊ ၂ စာငှက်သည်အရပ်ရပ်လှည့်လည်၍၊ ဇရက်သည်လည်းပျံသွားသကဲ့သို့၊ ထိုနည်းတူအကြောင်းမရှိသောကျိန်ဆဲခြင်းသည်မသင့်ရောက်တတ်၊၊ ၃ မြင်းဘို့နှင်တံ၊ မြည်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဘို့ကြိမ်လုံးသည်သင့်ပေ၏၊၊ ၄ မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကားကိုမချေနှင့်။ ထိုသို့ချေလျှင်သူနှင့်တူလိမ့်မည်။ ၅ မိုက်သောသူ၏သဘောသို့လိုက်၍သူ၏ စကားကိုချေလော့၊၊ သို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်။ ၆ မိုက်သောသူတွင်မှာလိုက်သောသူသည်ကိုယ်ခြေကို ဖြတ်၍အကျိုးနည်းရှိ၏၊၊ ၇ သုတ္တံစကားကိုမိုက်သောသူပြောခြင်းသည်ခြေဆွံ့သောသူ၏ခြေကြွခြင်းကဲ့သို့ဖြစ်၏။ ၈ မိုက်သောသူကိုချီးမြှောက်ခြင်းသည်ကျောက်ပုံ၌ ကျောက်မြတ်ကိုပစ်ထားခြင်းကဲ့သို့ဖြစ်၏၊၊ ၉ ဆူးသည်ယစ်မူးသောသူ၏ လက်ကိုစူးသကဲ့သို့၊ သုတ္တံစကားသည်မိုက်သောသူ၏နှုတ်၌ ရှိ၏၊၊ ၁၀ ကြီးသောသူသည်ခပ်သိမ်းသောသူတို့ကိုတုန်လှုပ်စေတတ်၏၊၊ မိုက်သောသူနှင့်ပြစ်မှားတတ်သောသူတို့ကိုစေသုံးတတ်၏၊၊ ၁၁ ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ်သကဲ့သို့၊ မိုက်သောသူသည်မိုက်သောအကျင့်ကိုပြန်၍ကျင့်တတ်၏၊၊၊ ၁၂ ငါသည်ပညာရှိ၏ဟုထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်ရာ အခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍မြော်လင့်စရာအခွင့်ရှိ၏၊၊
ပျင်းရိသောသူ
၁၃ ပျင်းရိသောသူအိမ်ပြင်မှာခြင်္သေ့ရှိ၏၊၊ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟုဆိုတတ်၏၊၊ ၁၄ တံခါးရွက်သည်စရွေး၌ လည်သကဲ့သို့ ပျင်းရိသောသူသည်အိပ်ရာပေါ်မှာလည်တတ်၏၊၊ ၁၅ ပျင်းရိသောသူသည်မိမိလက်ကိုအိုး၌ သွင်းသော်လည်း၊ တဖန်နှုတ်၍မိမိပါးစပ်သို့ခွံ့ရလျှင်စိတ်ညစ်တတ်၏၊၊ ၁၆ ပျင်းရိသောသူက၊ ငါသည်အကျိုးအကြောင်းကိုပြတတ်သောသူခုနစ်ယောက်ထက် သာ၍ပညာရှိသည်ဟုကိုယ်ကိုထင်တတ်၏၊၊
၁၇ လမ်း၌ လျှောက်သွား၍မိမိမဆိုင်သောအမှုကိုရောနှောသောသူသည်ခွေးနားရွက်ကိုကိုင်ဆွဲသောသူနှင့်တူ၏၊၊ ၁၈ ငါကျီ စားရုံမျှသာပြုသည်ဟုဆိုလျက်၊ ၁၉ မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည်မီးစ၊ မြှား၊ သေဘေးကိုပစ်တတ်သောအရှုးနှင့်တူ၏၊၊ ၂၀ ထင်းမရှိလျှင်မီးသေတတ်သကဲ့သို့ကုန်းတိုက်သောသူမရှိလျှင်ရန်ငြိမ်းတတ်၏၊၊ ၂၁ မီးခဲချင်းပြုသကဲ့သို့၎င်း ထင်းသည်မီးကိုမွေးသကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည်ခိုက်ရန်မှုကိုပြုစုတတ်၏။ ၂၂ ကုန်းတိုက်သောသူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏။ ၂၃ ချစ်အားကြီးသောနှုတ်နှင့်ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသောအိုးခြမ်းနှင့်တူ၏၊၊ ၂၄ အငြိုးထားသောသူသည်နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်အထဲမှာလှည့်စားသောသဘောကို ဝှက်ထားတတ်၏၊၊ ၂၅ ထိုသို့သောသူ၏စကားသည်ချိုသော်လည်းမယုံနှင့်၊၊ သူ၏စိတ်နှလုံးထဲမှာစက်ဆုပ်ရွံရှာဘွယ်သောအရာ ခုနစ်ပါးရှိ၏၊၊ ၂၆ အငြိုးထားခြင်းကိုလှည့်စားခြင်းအားဖြင့် ဝှက်ထားသောသူ၏ဒုစရိုက်အပြစ်သည်ပရိသတ်ရှေ့မှာထင်ရှားလိမ့်မည်၊၊ ၂၇ တွင်းတူးသောသူသည်မိမိတွင်းထဲသို့ကျလိမ့်မည်၊၊ ကျောက်ကိုလှိမ့်သောသူအပေါ်သို့ထိုကျောက်သည်ပြန်၍လိမ့်လိမ့်မည်၊၊ ၂၈ မုသာပြောတတ်သောသူသည်မိမိညှဉ်းဆဲသောသူတို့ကိုမုန်းတတ်၏၊၊ ချော့မော့တတ်သောသူသည်လည်းဖျက်ဆီးတတ်၏၊၊