သုတ္တံကျမ်း
အခန်းကြီး ၂၀
၁ စပျစ်ရည်သည်လှည့်စားတတ်၏၊၊ သေရည်သေရက်သည်ရုန်းရင်းခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏၊၊ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည်ပညာမရှိ၊၊ ၂ ရှင်ဘုရင်ကြောက်စေသောအမှုအရာသည်ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏၊၊ အမျက်တော်ကို နှိုးဆော်သောသူသည်မိမိအသက်ကိုပြစ်မှား၏၊၊ ၃ ရန်တွေ့ခြင်းကိုငြိမ်းစေသောသူသည်ဂုဏ်အသရေရှိ၏၊၊ မိုက်သောသူမူ ကား၊ အမှုနှင့်ရောနှောတတ်၏၊၊ ၄ ချမ်းသောကြောင့်ပျင်းရိသောသူသည်လယ်မလုပ်လို၊၊ ထိုကြောင့်စပါးရိတ်သောကာလ၌ သူတပါးကိုတောင်းသော်လည်းမရရာ၊၊ ၅ လူစိတ်နှလုံး၌ ပညာအကြံသည်နက်သောရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည်ခပ်ယူလိမ့်မည်၊၊ ၆ လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏၊၊ သစ္စာရှိသောသူကိုကား၊ အဘယ်သူ ရှာ၍တွေ့နိုင်သနည်း။ ၇ ဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏၊၊ ၈ တရားပလ္လင်ပေါ်မှာထိုင်သောရှင်ဘုရင်သည်မကောင်းသောအမှုအရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပယ်ရှင်းတတ်၏။ ၉ ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီ၊၊ အပြစ်နှင့်ကင်းလွတ်၏ဟုအဘယ်သူဆိုနိုင်သနည်း၊၊ ၁၀ အလေးချင်းမတူသောအလေး၊ အဝင်ချင်းမတူသောတင်းတောင်းတို့ကိုထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏၊၊ ၁၁ သူငယ်သော်လည်းမိမိပြုသောအမှုသည်စင်သည်မစင်သည်မှန်သည်မမှန်သည်ကိုမိမိအခြင်းအရာအားဖြင့်ပြ၍မိမိသဘောကိုထင်ရှားစေ၏။ ၁၂ ကြားတတ်သောနားကို၎င်း၊ မြင်တတ်သောမျက်စိကို၎င်း၊ ထာဝရဘုရားဖန်ဆင်းတော်မူပြီ။ ၁၃ ဆင်းရဲမည်ဟုစိုးရိမ်စရာရှိသည် ဖြစ်၍အိပ်ခြင်းကိုမတပ်မက်နှင့်၊၊ နိုးတတ်လျှင်ဝစွာစားရ၏၊၊ ၁၄ ဝယ်သောသူကားမကောင်းဘူး၊ မကောင်းဘူးဟုဆိုတတ်၏၊၊ ဝယ်၍သွားပြီးမှဝါကြွားတတ်၏၊၊ ၁၅ ရွှေရှိ၏၊၊ ပတ္တမြားလည်းရှိ၏၊၊ ပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကား၊ အလွန်အဘိုးထိုက်သောရတနာဖြစ်၏၊၊ ၁၆ မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည်အဝတ်အစရှိသောဥစ္စာတစုံတခုကိုပေါင်ထားစေ၊၊
၁၇ လှည့်စား၍ရသောအစာသည်ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည်ကျောက်စရစ်နှင့်ပြည့်လိမ့်မည်။ ၁၈ အကြံရှိသောသူသည်သူတပါးနှင့်တိုင်ပင်လျှင်အကြံထမြောက်တတ်၏၊၊ ကောင်းသောတိုင်ပင်ခြင်းရှိမှသာစစ်မှုကိုပြုရမည်၊၊ ၁၉ လည်၍စကားများသောသူသည်လျှို့ဝှက်တတ်သောအရာကိုဖေါ်ပြတတ်၏၊၊ သို့ဖြစ်၍ချော့မော့တတ်သောသူနှင့်မပေါင်းဖေါ်နှင့်၊၊ ၂၀ အကြင်သူသည်မိဘကိုကျိန်ဆဲ၏၊၊ ထိုသူ၏မီးခွက်သည်ထူထပ်သောမှောင်မှိက်၌ သေလိမ့်မည်၊၊ ၂၁ အမွေဥစ္စာကိုအစဦး၌ အလျှင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်၊၊ ၂၂ ငါသည်ရန်တုံပြုမည်ဟုမဆိုနှင့်၊ ထာဝရဘုရားကိုငံ့လင့်လော့၊၊ သို့ပြုလျှင်ကယ်တင်တော်မူလိမ့်မည်။ ၂၃ အလေးချင်းမတူသောအလေးတို့ကိုထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏၊၊ စဉ်းလဲသောချိန်ခွင်လည်းအပြစ်ရှိ၏၊၊ ၂၄ လူသွားရာလမ်းကိုထာဝရဘုရားစီရင်တော်မူ၏၊၊ သို့ဖြစ်၍သူသည်မိမိသွားရာလမ်းတို့ကိုအဘယ်သို့နားလည်နိုင်သနည်း။ ၂၅ ဘုရားအမှု၌ စကားလွန်မိသောသူသစ္စာဂတိထားပြီးမှမေးမြန်းသောသူသည်ကျော့ကွင်းနှင့် တွေ့မိပြီ၊၊ ၂၆ ပညာရှိသောရှင်ဘုရင်သည်လူဆိုးတို့ကိုကွဲပြားစေ၍၊ ဘီးနှင့်ဖိတတ်၏။ ၂၇ လူ၏စိတ်ဝိညာဉ်သည်ကိုယ်အတွင်း၌ ရှိရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မီးခွက်ဖြစ်၏။ ၂၈ ကရုဏာတရားနှင့်သစ္စာတရားသည်ရှင်ဘုရင်ကို စောင်မတတ်၏။ ရာဇပလ္လင်တော်သည်ကရုဏာတရားအားဖြင့်မြဲမြံတတ်၏။ ၂၉ လူ၏ဘုန်းကားအစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေသည်ကားဖြူသောဆံပင်ဖြစ်၏။ ၃၀ အနာကိုမွှေနှောက်ခြင်းအားဖြင့်အဆိုးအညစ်နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ့်အတွင်းအရပ်တို့၌ ထိုသို့သောကျေးဇူးကိုပြုတတ်၏။