ဆာလံကျမ်း
အခန်းကြီး ၉၃
ထာဝရဘုရားသည် တန်ခိုးကြီးပါ၏
၁ ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက်ရှိ၏။ ၂ ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ်အမြဲ ဖြစ်တော်မူ၏။ ၃ အိုထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုး ခတ်ကြပါ၏။ ၄ ရေများဟုန်းသံနှင့်တကွ၊ သမုဒ္ဒရာ လှိုင်းတံပိုးတို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သောအရပ်၌ သာ၍ တန်ခိုးကြီးတော်မူ၏။ ၅ သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်း ပါရမီသည် အစဉ်အမြဲ အိမ်တော်၏ အသရေဖြစ်ပါသတည်း။