-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၁၉



ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊ သက်သေခံတော်မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊ ထိုသူတို့သည် ဒုစရိုက်ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊ အ​ကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ၊၊ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အ​ကျွန်ုပ်သည် လမ်း​ဖြောင့်ပါစေသော်၊ အ​ကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊ ​ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အ​ကျွန်ုပ် လေ့ကျက်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်၊၊ အ​ကျွန်ုပ်ကို ရှင်းရှင်း စွန့်ပစ်တော်မမူပါနှင့်၊၊ လူပျိုသည် မိမိသွားသော လမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်၊၊ ၁၀ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်၊၊ ၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊ ၁၂ အိုထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အ​ကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊ ၁၃ စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အ​ကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊ ၁၄ ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊ ၁၅ ပေးတော်မူသော ဩဝါဒကို ဆင်ခြင်၍ လမ်းခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊ ၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
CROSS REFERENCES






၁၇ ကိုယ်တော်၏ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော်မူပါ၊၊ ၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အ​ကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊ ၁၉ အ​ကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏၊၊ [A] ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်၊၊ ၂၀ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တသောအားဖြင့် အ​ကျွန်ုပ်၏ စိတ်နှလုံး ကြေကွဲလျက် ရှိပါ၏၊၊ ၂၁ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍ အကျိန်ခံရသောသူတို့ကို ကိုယ်တော် ဆုံးမတော်မူ၏၊၊ ၂၂ အ​ကျွန်ုပ်သည် သက်သေ ခံတော်မူချက်တို့ကို စောင့်ပါသည်ဖြစ်၍ ကဲ့ရဲ့ခြင်းမထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ၊၊ ၂၃ မင်းတို့သည် အ​ကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။ ၂၄ သက်သေခံတော်မူချက်တို့သည် အ​ကျွန်ုပ်မွေ့လျော်ရာ အ​ကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏၊၊

၂၅ အ​ကျွန်ုပ်အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင် စေတော်မူပါ၊၊ ၂၆ အ​ကျွန်ုပ်သည် ကိုယ်အကျင့်တို့ကို ဖေါ်ပြ၍ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အ​ကျွန်ုပ်၌ သွန်သင်တော်မူပါ။ ၂၇ ပေးတော်မူသော ဩဝါဒလမ်းကို အ​ကျွန်ုပ် နားလည်စေတော်မူပါ၊၊ သို့ပြုလျှင် အံ့ဘွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်၊၊ ၂၈ အ​ကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည် ယိုလျက်ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်းတည် ကြည်စေတော်မူပါ။ ၂၉ မုသာလမ်းကို အ​ကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍၊ တရားတော်ကို ပေးသနားတော်မူပါ၊၊ ၃၀ သစ္စာလမ်းကို အ​ကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အ​ကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊ ၃၁ သက်သေခံ တော်မူချက်တို့၌ မှီဝဲပါပြီ၊၊ အိုထာဝရဘုရား အရှက်ကွဲ စေတော်မမူပါနှင့်၊၊ ၃၂ အ​ကျွန်ုပ် ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ်၍၊ ပညတ်တော် လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
CROSS REFERENCES






၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အ​ကျွန်ုပ်အား သွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊၃၄ ဥာဏ်ကိုပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးအကြွင်းမဲ့ စောင့်ပါမည်၊၊ ၃၅ ပညတ်တော် လမ်း၌ အ​ကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊ ၃၆ အ​ကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ၊၊ ၃၇ အနတ္တကို [B]ပမာဏာမပြုစေခြင်းငှါ အ​ကျွန်ုပ်မျက်စိကို အခြားသို့ လွှဲတော်မူပါ၊၊ လမ်းခရီးတော်၌ အ​ကျွန်ုပ် အသက်ရှင် စေတော်မူပါ၊၊ ၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ကျွန် ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊ ၃၉ အ​ကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ်ပျောက်စေတော်မူပါ၊၊ စီရင်တော်မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊ ၄၀ ပေးတော်မူသော ဩဝါဒများကို တောင့်တပါ၏၊၊ ​ဖြောင့်မတ်ခြင်း တရားတော်အားဖြင့် အ​ကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ ၄၁ အိုထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာတော် တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အ​ကျွန်ုပ်၌ ရောက်ပါစေသော်၊ ၄၂ ထိုသို့အ​ကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာအကြောင်း ရှိရပါလိမ့်မည်၊၊ ၄၃ စီရင်တော်မူချက်တို့ကို အ​ကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အ​ကျွန်ုပ်၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့်၊၊ ၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်၊၊ ၄၅ ပေးတော်မူသော ဩဝါဒများကို အ​ကျွန်ုပ် ရှာဖွေမေးမြန်းသည် ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏၊၊ ၄၆ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊ ၄၇ အ​ကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်၊၊ ၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကိုချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။

၄၉ အ​ကျွန်ုပ် မြော်လင့်စရာအကြောင်း ကိုယ်​တော်၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ၊၊ ၅၀ ဗျာဒိတ်တော်အားဖြင့် အ​ကျွန်ုပ် အသက်ရှင်သည်ဖြစ်၍ ဆင်းရဲကို ခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည် အ​ကျွန်ုပ် သက်သာစရာ အကြောင်းဖြစ်ပါ၏၊၊ ၅၁ မာနကြီးသောသူတို့သည် အ​ကျွန်ုပ်ကို အလွန်ကဲ့ရဲ့သော်လည်း ကိုယ်တော်၏ တရားလမ်းကို အ​ကျွန်ုပ်မရှောင်ပါ၊၊ ၅၂ အိုထာဝရဘုရား ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အ​ကျွန်ုပ်အောက်မေ့၍ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏၊၊ ၅၃ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့် အ​ကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလမ်းလျက် ရှိပါ၏၊၊ ၅၄ အ​ကျွန်ုပ် ဧည့်သ ည်နေရာအိမ်တွင် အထုံးအဖွဲ့တော်တို့သည် အ​ကျွန်ုပ် သီချင်းဆိုရာ အကြောင်းဖြစ်ကြပါ၏၊၊ ၅၅ အိုထာဝရဘုရား ညအချိန်၌ နာမတော်ကို အ​ကျွန်ုပ်အောက်မေ့၍ တရားတော်ကို စောင့်ပါ၏၊၊ ၅၆ ပေးတော်မူသော ဩဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။ ၅၇ အိုထာဝရဘုရား ကိုယ်တော်သည် အ​ကျွန်ုပ်၏အဘို့ ဖြစ်တော်မူ၏၊၊ နှုတ်ကပတ် စကားတော်တို့ကို နားထောင်ပါမည်၊ ဟုအ​ကျွန်ုပ် ပြောထားပါပြီ၊၊ ၅၈ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ တောင်းပန်ပါ၏၊၊ ဗျာဒိတ်တော်အတိုင်း အ​ကျွန်ုပ်ကို သနားတော်မူပါ၊၊ ၅၉ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ သက်သေခံတော်မူချက်တို့သို့ လှည့်၍ လိုက်ပါ၏၊၊ ၆၀ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွဲ့ အလျှင်အမြန်ပြုပါ၏၊၆၁ မတရားသောသူ အစည်းအဝေးတို့သည် အ​ကျွန်ုပ်ကို ဝိုင်းကြသော်လည်း အ​ကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ၊ ၆၂ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ်ထ တတ်ပါ၏။၆၃ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသော ဩဝါဒကို နားထောင်သောသူ ရှိသမျှတို့နှင့် အ​ကျွန်ုပ် ပေါင်းဖေါ်တတ်ပါ၏။ ၆၄ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အထုံးအဖွဲ့တော်တို့ကို အ​ကျွန်ုပ်၌ သွန်သင်တော်မူပါ။
CROSS REFERENCES






၆၅ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ ကျွန်၌ ကျေးဇူးပြုတော်မူ၏။ ၆၆ ပညတ်တော်တို့ကို အ​ကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။ ၆၇ အ​ကျွန်ုပ်သည် ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။ ၆၈ ကိုယ်တော်သည် ကောင်းသောသဘော ကျေးဇူးးပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အ​ကျွန်ုပ်၌ သွန်သင်တော်မူပါ။ ၆၉ မာနကြီးသောသူတို့သည် အ​ကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။ ၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အ​ကျွန်ုပ်မူကား၊ ကိုယ်တော်၏ တရား၌ မွေ့လျော်ပါ၏။ ၇၁ အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ၊ အ​ကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။ ၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊ အသောင်းထက်မက၊ အ​ကျွန်ုပ်၌ သာ၍ ကောင်းပါ၏။ [C]

၇၃ ကိုယ်တော်၏ လက်တို့သည် အ​ကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အ​ကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။ ၇၄ နှုတ်ကပတ်တော်ကို အ​ကျွန်ုပ် မြော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့သည် အ​ကျွန်ုပ်ကိုမြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။ ၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အ​ကျွန်ုပ်သိပါသည်။ ၇၆ ကိုယ်တော်၏​ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အ​ကျွန်ုပ်ကို ချမ်းသာပေးပါစေသော်၊ ဟုဆုတောင်းပါ၏။ ၇၇ ကိုယ်တော်၏ တရားသည် အ​ကျွန်ုပ် မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အ​ကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော်။ ၇၈ မာနကြီးသောသူတို့သည် ရှက်ကြောက် ကြပါစေသော်။ အကြောင်းမရှိဘဲ အ​ကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အ​ကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါသည်။ ၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အ​ကျွန်ုပ်ထံသို့ လှည့်ကြပါစေသော်။ ၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ အ​ကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော်၊၊

၈၁ အ​ကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။ ၈၂ အ​ကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာ ပေးတော်မူပါမည်နည်းဟူ၍၊ အ​ကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက် အားကုန်ပါ၏။ ၈၃ မီးခိုး၌ ရှိသော သားရေဘူးကဲ့သို့အ​ကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။ ၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း။ အ​ကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံး ဖြတ်တော်မူမည်နည်း။ ၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသောသူတို့သည် အ​ကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။ ၈၆ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အ​ကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊ မစတော်မူပါ။ ၈၇ သူတို့သည် အ​ကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အ​ကျွန်ုပ်မစွန့်ပါ။ ၈၈ ကရုဏာတော် ရှိသည့်အတိုင်း အ​ကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။

၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ ၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကို တည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။ ၉၁ ခပ်သိမ်းသော အရာတို့သည် ကိုယ်တော်၏ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။ ၉၂ အ​ကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီးပါပြီ။ ၉၃ ကိုယ်တော်၏ ဥပဒေများကို အစဉ် မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အ​ကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ ၉၄ အ​ကျွန်ုပ်သည် ကိုယ်တော်၏​ကျွန် ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သောကြောင့်အ​ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ၉၅ အ​ကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသောသူတို့သည် စောင့်လျက် နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အ​ကျွန်ုပ် ဆင်ခြင်အောက်မေ့ပါမည်။ ၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အ​ကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရားတော်မူကား အလွန်ကျယ် ဝန်းပါ၏၊၊
CROSS REFERENCES






၉၇ ကိုယ်တော်၏ တရားကို အ​ကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင် အောက်မ့လျက်နေပါ၏၊ ၉၈ ပညတ်တရားတော်သည် အ​ကျွန်ုပ်ရန်သူတို့ထက် အ​ကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အ​ကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊ ၉၉ သက်သေခံတော်မူချက်တို့ကို အ​ကျွန်ုပ်သည် ဆင်ခြင် အောက်မေ့သောကြောင့် အ​ကျွန်ုပ်၏ ဆရာအပေါင်းတို့ထက် သာ၍ နားလည်ပါ၏၊၊ ၁၀၀ ကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက်ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊ ၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသော လမ်းရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊ ၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊ ၁၀၃ မိန့်တော်မူချက်တို့သည် အ​ကျွန်ုပ်အာခေါင်၌ အလွန်ချို ကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏၊၊ [D] ၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့် အ​ကျွန်ုပ်သည် ဥာဏ်တိုးပွား၍ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏၊၊ ၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်​ခြေရှေ့မှာ မီးခွက် ဖြစ်၍ အ​ကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏၊၊ ၁၀၆ ​ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်၊ ဟုအ​ကျွန်ုပ်ကျိန်ဆိုသည် အတိုင်း ပြုပါမည်၊၊ ၁၀၇ အိုထာဝရဘုရား အ​ကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ၊၊ ၁၀၈ အိုထာဝရဘုရား အ​ကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့် ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော်မူချက်တို့ကိုလည်း အ​ကျွန်ုပ်၌ သွန်သင်တော်မူပါ၊ ဟုတောင်းပန်ပါ၏၊၊ ၁၀၉ အ​ကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊ သို့သော်လည်း တရားတော်ကို မမေ့မလျော့ပါ၊၊ ၁၁၀ မတရားသောသူတို့သည် အ​ကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊ ၁၁၁ သက်သေခံတော်မူ ချက်တို့သည် အ​ကျွန်ုပ် နှလုံးရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံ ယူပါ၏၊၊ ၁၁၂ အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
CROSS REFERENCES






၁၁၃ အ​ကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏ တရားကို နှစ်သက်ပါ၏။ ၁၁၄ ကိုယ်တော်သည် အ​ကျွန်ုပ်၏ အကွယ်အကာ၊ အ​ကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ ၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊ ၁၁၆ အ​ကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အ​ကျွန်ုပ် မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။ ၁၁၇ အ​ကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။ ၁၁၉ မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံ တော်မူချက်တို့ကို အ​ကျွန်ုပ် နှစ်သက်ပါ၏။ ၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အ​ကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။ ၁၂၁ အ​ကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ​ဖြောင့်မတ်စွာ စီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အ​ကျွန်ုပ်ကိုပ စ်ထားတော်မမူပါနှင့်၊၊ ၁၂၂ ကိုယ်တော်၏ကျွန် အဖို့အလိုငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အ​ကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊ ၁၂၃ ကယ်တင်တော်မူခြင်း ကျေးဇူးကို၎င်း၊ ​ဖြောင့်မတ်ခြင်းတရားတော်နှင့် ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အ​ကျွန်ုပ် မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊ ၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊ ၁၂၅ အ​ကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံတော်မူချက်တို့ကို နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊ ၁၂၆ အိုထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊ ၁၂၇ အ​ကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊ [E] ၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည်​ ဖြောင့်ကြသည်၊ ဟုထင်မှတ်လျက် မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏၊

၁၂၉ သက်သေခံ တော်မူချက်တို့သည် အံ့ဩဘွယ်ဖြစ်၍၊ အ​ကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက် တတ်ပါ၏၊ ၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊ ၁၃၁ ပညတ်တော်တို့ကို အ​ကျွန်ုပ် တောင့်တအားကြီးသဖြင့် နှုတ်ကိုဖွင့်၍ ပန်းတိုက်ပါ၏၊၊ ၁၃၂ နာမတော်ကို ချစ်သောသူတို့၌ ပြုတော်မူတတ်သည် အတိုင်း အ​ကျွန်ုပ်ကိုကြည့်ရှု၍ ကယ်မသနားတော်မူပါ၊၊ ၁၃၃ မိန့်တော်မူချက် အစဉ်အတိုင်း အ​ကျွန်ုပ်​ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အ​ကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်၊၊ ၁၃၄ လူတို့၏ ညှဉ်းဆဲခြင်းထဲက အ​ကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ။ ကိုယ်တော်၏ ဥပဒေသများကို စောင့်ပါမည်။ ၁၃၅ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်း စေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ ၁၃၆ သူတပါးများတို့သည် တရားတော်ကို မစောင့်သောကြောင့် အ​ကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့စီးပါ၏။

၁၃၇ အိုထာဝရဘုရား ကိုယ်တော် ဖြောင့်မတ်တော်မူ၏၊၊ စီရင်တော်မူချက်တို့သည်​ ဖြောင့်မတ်ကြပါ၏၊၊ ၁၃၈ ထားတော်မူသော သက်သေခံ တော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏၊၊ ၁၃၉ ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သောကြောင့် စွဲလမ်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို ညှဉ်းဆဲပါ၏၊၊ ၁၄၀ နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍ ကိုယ်တော်၏ ​ကျွန်သည် နှစ်သက်ပါ၏၊၊ ၁၄၁ အ​ကျွန်ုပ်သည် ငယ်သောသူ မထီမဲ့မြင်ပြုခြင်းကို ခံရသောသူ ဖြစ်ပါ၏၊၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ၊ ၁၄၂ ​ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ​ ဖြောင့်မတ်ခြင်းဖြစ်ပါ၏၊၊ ကိုယ်တော်၏ တရားသည် သစ္စာတရားဖြစ်ပါ၏၊၊ ၁၄၃ ဆင်းရဲ ညိုးငယ်ခြင်းသို့ ရောက်သော်လည်း ပညတ်တော်တို့သည် အ​ကျွန်ုပ် မွေ့လျော်ရာဖြစ်ပါ၏၊၊ ၁၄၄ သက်သေခံ တော်မူချက်တို့သည် အစဉ်အမြဲ​ဖြောင့်ကြပါ၏၊၊ အ​ကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊

၁၄၅ အ​ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ၊၊ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်၊၊ ၁၄၆ ကိုယ်တော်ကို အော်ဟစ်ပါ၏၊ ကယ်တင်တော်မူပါ၊ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်၊၊ ၁၄၇ မိုးမလင်းမှီ အ​ကျွန်ုပ် အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏၊၊ ၁၄၈ ဗျာဒိတ်တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါ ညယံမလွန်မှီ အ​ကျွန်ုပ် နိုးတတ်ပါ၏၊၊ ၁၄၉ အိုထာဝရဘုရား ကရုဏာတော် ရှိသည်အတိုင်း အ​ကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အ​ကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ ၁၅၀ မကောင်း သော အကြံအစည်၌ ကျင်လည်သောသူတို့သည် အနီးသို့ ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော်၏ တရားနှင့် ဝေးကြပါ၏၊၊ ၁၅၁ အိုထာဝရဘုရား ကိုယ်တော်သည် နီးတော်မူ၏၊၊ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏၊၊ ၁၅၂ သက်သေခံတော်မူ ချက်တို့ကို အစဉ်အမြဲ ထားတော်မူကြောင်းကို ရှေ့ဦးစွာမှစ၍ အ​ကျွန်ုပ်သိပါ၏။

၁၅၃ အ​ကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍ ကယ်နှုတ်တော်မူပါ၊၊ ကိုယ်တော်၏ တရားကို မမေ့မလျော့ပါ၊၊ ၁၅၄ အ​ကျွန်ုပ်အမှုကိုစောင့်၍ အ​ကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ၊၊ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ၊၊ ၁၅၅ မတရားသော သူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ကယ်တင်ခြင်းနှင့် ဝေးကြပါ၏၊၊ ၁၅၆ အိုထာဝရဘုရား သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏၊ စီရင်တော်မူချက်နှင့်အညီ အ​ကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ၊၊ ၁၅၇ အ​ကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြုသောသူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊ ၁၅၈ သစ္စာမရှိသောသူတို့ကို အ​ကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊ ၁၅၉ ကိုယ်တော်၏ ဥပဒေသများကို အ​ကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ၊၊ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အ​ကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ ၁၆၀ နှုတ်ကပတ်တော် အလုံးစုံတို့သည် ဟုတ်မှန်ပါ၏၊၊ တရားသဖြင့် စီရင်တော်မူချ က်ရှိသမျှတို့သည် အစဉ်အမြဲတည် ကြပါ၏၊၊

၁၆၁ အစိုးရသောသူတို့သည် အကြောင်းမရှိဘဲ အ​ကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း အ​ကျွန်ုပ် စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏၊၊ ၁၆၂ လက်ရဥစ္စာများကို တွေ့ရသကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အ​ကျွန်ုပ် ဝမ်းမြောက်ပါ၏၊၊ ၁၆၃ မုသာစကားကို ကြားပျင်းရွံ့ရှာပါ၏၊၊ တရားတော်ကိုကား နှစ်သက်ပါ၏၊၊ ၁၆၄ ​ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏၊၊ ၁၆၅ တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသော ငြိမ်ဝပ်ခြင်းရှိပါ၏၊၊ သူတို့ စိတ်ပျက်စရာအကြောင်း မရှိပါ၊၊ ၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အ​ကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊ ၁၆၇ သက်သေခံတော်မူချက်တို့ကို အ​ကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊ ၁၆၈ ကိုယ်တော်၏ ဥပဒေသတို့နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ပါ၏။ အ​ကျွန်ုပ်အကျင့် ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊

၁၆၉ အိုထာဝရဘုရား အ​ကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော်၊၊ နှုတ်ကပတ်တော်အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊ ၁၇၀ အသနားခံသော စကားသည် ရှေ့တော်သို့ ရောက်ပါစေသော်၊၊ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊ ၁၇၁ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသောအခါ အ​ကျွန်ုပ်၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်၊၊ ၁၇၂ အလုံးစုံသော ပညတ်တော်တို့သည် ​ဖြောင့်မတ်ပါသည်ဖြစ်၍ အ​ကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်၊၊ ၁၇၃ ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်သည်ဖြစ်၍ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော််၊၊ ၁၇၄ အို ထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အ​ကျွန်ုပ်တောင့်တပါ၏၊၊ တရားတော်သည်လည်း အ​ကျွန်ုပ် မွေ့လျော်ရာဖြစ်ပါ၏၊၊ ၁၇၅ အ​ကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်ကို ချီးမွမ်းပါစေသော်၊ စီရင်တော်မူချက်တို့သည် အ​ကျွန်ုပ် ကိုမစကြပါစေသော်၊၊ ၁၇၆ ပျောက်သော သိုးကဲ့သို့ အ​ကျွန်ုပ်သည် လမ်းလွဲပါပြီ၊ ကိုယ်တော်၏ ကျွန်ကို ရှာတော်မူပါ၊၊ အ​ကျွန်ုပ်သည်ပ ညတ်တော်တို့ကို မမေ့မလျော့ပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.