၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၈
ဒါဝိဒ်မင်း၏ အောင်မြင်မှုများ
၁ ထိုနောက် ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။ ၂ မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံလျက် အခွန်ဆက်ရကြ၏။ ၃ ဇောဘမင်းကြီး ဟာဒဒေဇာသည်၊ ဥဖရတ်မြစ်နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊ ၄ ရထားတထောင်၊ မြင်းစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ နှစ်သောင်းကို ဖမ်းဆီး၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။ ၅ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်း နှစ်ထောင်တို့ကို သတ်ပြီးမှ၊ ၆ ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကိုထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ ၇ ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည် သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ ၈ ဟာဒဒေဇာ အစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
ဒါဝိဒ်မင်း အောင်မြင်မှုဆက်
၉ ဇောဘမင်းကြီးဟာ ဒဒေဇာ၏ တပ်အလုံးအရင်ကို ဒါဝိဒ် လုပ်ကြံကြောင်းကို ဟာမတ်မင်းကြီး တောဣသည် ကြားလျှင်၊ ၁၀ မိမိရန်သူဟာ ဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့် မိဿဟာယဖွဲ့၍ ကောင်းကြီးပေးစေခြင်းငှါ မိမိသား ဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။ ၁၁ ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီးသည် ထာဝရဘုရား အားပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည်တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။ ၁၂ ထိုမှတပါး၊ ဇေရုယာသား အဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူ တသောင်း ရှစ်ထောင်တို့ကို လုပ်ကြံလေ၏။ ၁၃ ဧဒုံပြည်၌ မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည်သား အပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
ဒါဝိဒ်မင်း အောက်အမှုထမ်းများ
၁၄ ထိုသို့ ဒါဝိဒ်မင်းသည် ဣသရေလ နိုင်ငံကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။ ၁၅ ဇေရုယာ၏သား ယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ ၁၆ အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ ၁၇ ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏ သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာ၌ နေကြ၏။