ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၈
ယေရမိက ယုဒလူများ သိမ်းခံမည်ဟော
၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ထဲမှာ နေသောသူသည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် သေလိမ့်မည်။ [A] ၂ ခါလဒဲလူတို့ဘက်သို့ ထွက်သွားသောသူသည် အသက်ချမ်းသာ၍၊ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည် [B] ဟူ၍၎င်း၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေလက်သို့ ဆက်ဆက်အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊ ၃ ထာဝရဘုရား မိန့်တော်မူ၏ဟု ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလခိသား ပါရှုရတို့သည် ကြားသောအခါ၊ ၄ ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကို ပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏ လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏ အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျောက်လျှင်၊ ၅ ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။ ၆ ထိုအခါ ယေရမိကိုယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော်မာလခိ၏ မြေတွင်း၌ ကြိုးနှင့် လျော့ချကြ၏။ ထိုမြေတွင်း၌ ရေမရှိ၊ ရွှံ့သာရှိ၍၊ ယေရမိသည် ရွှံ့၌ ကျွံလျက်နေ၏။
ယေရမိကို ကုရှအမျိုးသားကကယ်
၇ ထိုသို့ ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော် အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒမေလက်သည်ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊ ၈ ထိုသူသည် နန်းတော်ထဲက ထွက်၍ အထံတော်သို့ သွားပြီးလျှင်၊ ၉ အကျွန်ုပ်သခင် အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက်ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ ချထားကြပါပြီ။ မြို့၌ မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ ငတ်မွတ်၍ သေပါလိမ့်မည်ဟု လျှောက်သော်၊ ၁၀ ရှင်ဘုရင်က၊ ပရောဖက် ယေရမိမသေမှီ ဤအရပ်မှ လူသုံးဆယ်ကိုခေါ် သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့်တော်ရှိ၏။ ၁၁ ဧဗဒမေလက်သည်လည်း လူတို့ကိုခေါ်၍၊ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိရှိရာ မြေတွင်း၌ ကြိုးနှင့် လျော့ချလေ၏။ ၁၂ ထိုအခါ ကုရှအမျိုးသား ဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့် သင်၏ လက်ကတီးကြား၌ ကြိုးကိုခုခံပါလော့ဟု ဆိုသည်အတိုင်း ယေရမိပြုလေ၏။ ၁၃ ထိုသို့ ယေရမိကို မြေတွင်းထဲက ကြိုးနှင့်ဆွဲတင်ကြ၏။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။
ဇေဒကိမင်းကြီးက ယေရမိကိုမေးပြန်
၁၄ တဖန် ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကိုခေါ်ပြီးလျှင်၊ သင်၌ တစုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟု ဆိုသော်၊ ၁၅ ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲ အမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူမည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။ ၁၆ ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကို ငါမသတ်။ သင့်အသက်ကို ရှာသော ထိုလူတို့လက်သို့ သင့်ကိုငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။ ၁၇ ယေရမိကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားမိန့်တော်မူသည်ကား ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့အမှန်ထွက်သွားလျှင် အသက်ချမ်းသာ ရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက် ချမ်းသာရကြလိမ့်မည်။ ၁၈ သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။ ၁၉ ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့လက်သို့ အပ်၍၊ ငါသည် ကဲ့ရဲ့ခြင်းကိုခံရမည် စိုးရိမ်သည်ဟုဆိုလျှင်၊ ၂၀ ယေရမိက၊ ကိုယ်တော်ကို မအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။ ၂၁ သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား၊ ၂၂ နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏ အဆွေ ခင်ပွန်းတို့သည်သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။ ၂၃ ထိုသို့ ကိုယ်တော်၏ မယားနှင့် သားသမီးရှိသမျှတို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်းသူတို့ လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက်၏။ ၂၄ ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည် မသေရ။ ၂၅ ငါသည်သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့သည် ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့ လျှောက်သည်ကို၎င်း၊ ရှင်ဘုရင်သည် သင့်အား အဘယ်သို့ မိန့်တော်မူသည်ကို၎င်း၊ ငါတို့အားကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့်ဟု ဆိုလျှင်၊ ၂၆ သင်ကလည်း၊ ငါ့ကို သေစေခြင်းငှါ၊ ယောနသန်အိမ်သို့ ပြန်စေတော် မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု ယေရမိအား မိန့်တော်မူ၏။ ၂၇ ထိုအခါ မှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့လာ၍ မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ၏။ ထိုအမှုကို အဘယ်သူမျှမရိပ်မိကြ။ ၂၈ ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင်အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရုရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာ ရှိသေး၏။